
ဆည်းဆာသည် တဖြည်းဖြည်း အရောင်မှိန်ကာမှိန်ကာဖြင့် ပျောက်ကွယ်သွားကြသည်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တစ္ဆေတစ်ကောင်လိုပင် ညအမှောင်သည် ကျွန်တော့်အနားပတ်ဝန်းကျင်သို့  ခြောက်ခြားဖွယ်ကောင်းလွန်းစွာ တိုးဝင်ခဲ့ပြန်ပြီး။ ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ ကြယ်တွေလတွေဝှက်ကွယ်ထားသည့် တိမ်ညိုတိမ်မည်းတို့ မင်းမူထားသည်မှာ အကျည်းတန်လွန်းပေစွ။ တစ်ခါတစ်လေ သားရဲတိရိစ္ဆာန်တို့ ၏ စူးစူးဝါးဝါး အော်သံတို့ သည်လည်း အိပ်မောကျနေသော ဒ်ီတောင်တစ်ကြောကို လှုပ်နှိုးနေသလိုပင်။ သွားရင်းလာရင်း ခလုတ်တိုက်မိနေသဖြင့် မီးအလင်းရောင် ရလိုရငြား မီးခြစ်ကျောက်နှင့် မီးတောက်အောင် ကြိုးစားမိတိုင်း အချည်းနှီးသာ။
သိပ်မကြာမီမှာပင် လေတွေတဝုန်းဝုန်း တိုက်ခတ်လာသည်။ မိုးတွေတဖွဲဖွဲရွာချလာသည်။ ကျွန်တော်လည်း တဖြည်းဖြည်းနှင့် ကြောက်ရွံစိတ်တို့ တိုးကာတိုးကာသာ။ ဆူးငြှောင့်ခလုတ်တို့ ပြည့်လျှံနေသော ဒီလမ်းကြမ်းထက်ပေါ် ခြနင်းနေသော ခြေဖဝါးတစ်စုံသည်လည်း စုတ်ပြတ်သတ်နေသည်။ နာကျင်မောဟိုက်နေသော အသက်ရှုသံတို့ သည် မူမမှန်တော့ပေ။ ဆာလောမွတ်သိပ်မှုတို့ သည်လည်း အဆုံးအစွန်ထိဆန့် ရင်း တိတ်ဆိတ်နေပြီး။ လေတိုက်တိုင်း လှုပ်ခါနေသော သစ်ပင်အုပ်အုပ်မှ ထွက်တဲ့ တရွှီးရွှီး အသံတို့ သည်လည်း ခြောက်ခြားဖွယ်ပတ်ဝန်းကျင်ကို အသက်ဝင်နေစေပြန်သည်။
စိတ်ဓါတ်တွေ ကျလိုက် ပြန်အားတင်းလိုက်နှင့် စမ်းတဝါးဝါးနှင့် ဦးတည်ရာမဲ့ အမှောင်အတိနှင့် ခရီးကြမ်းကို ဖြတ်ကျော်နေသည်မှာ ကြာငြောင်းလွန်းလှသည်။ ဒါပေမဲ့ အလင်းတစ်စ ကို မျှော်လင့်သည်။ ထိုအလင်းတစ မှသည် မနက်ဖြန်ကို လှပစွာ ပုံဖော်နိုင်လိမ့်မည်ဟု ကျွန်တော် တွေးထင်မိသည်။
“အမြန် ရောင်နီ လင်းလက်ပါတော့” ဟု တိတ်တခိုးဆုတောင်မိသော အသံတို့ မှာလည်း ယုံကြည်မှုတွေ ဖျော့တော့လျက်။ သို့ သော်လည်း ခရီးများအဆုံးထိလျှောက် ဟု ကိုလေးဖြူ သီချင်းထဲကလိုပင် အလင်းတစ်စရှိရာသို့ တရွေ့ ရွေ့ လျှောက်ရင်း ချောက်ကမ်းပါးအစွန်းကို ရောက်မှန်းမသိ ရောက်နေသည်။ လေဟာနယ်ကို တက်နင်းမိသလို သိလိုက်ချိန်တွင် ခြေလှမ်းကို ရုပ်သိမ်းဖို့  နောက်ကျသွားပြီးဖြစ်သည်။
အာာာာာာား
ကုတင်ပေါ်ကနေ ပြုတ်ကျလာမှ အိပ်မက်မက်နေမှန်းသိသည်။ အိပ်မက်ထဲကလိုပင် ကျွန်တော့်အတွက် လက်တွေ့ အပြင်မှာလည်း အမှောင်အတိပင်ဖြစ်နေသည်။သို့ သော် ထိုအမှောင်သည် ရောင်နီကို ကြိုလင့်နေသော အမှောင်……….။ အမှောင်ကွယ်ရင် အလင်းရောက်စမြဲပဲမဟုတ်ပါလား။