လှမ်းကြည့်ညှိ

Monday, December 28, 2009

21 comments
Credit to http://www.wunderground.com/


လေညှင်းခတ်တဲ့ တိမ်တစ်စအဖြစ်နဲ့ 
ကောင်းကင်ရင်ခွင်မှာ ကကြိုးကကွက်ခင်း
လင်းထင်းဖြာကျော့ မင်းယိမ်းနွဲ့ လိုက်တဲ့အခါ
ကြွေဆင်းကျလာတဲ့ တိမ်ရိပ်ဖြူတရုံနဲ့ တင်
နှလုံးသားဥယျာဉ်မှာ ကျေနပ်နေမဲ့သူ.....

မှော်ပန်းချီထဲကလို တိမ်တွေအရောင်ပြောင်း
နှလုံးသားရာသီမှာ ဆေးစက်မှောင်သွားတဲ့အခါ
ချစ်ခြင်းနှင့်ပျိုးခဲ့တဲ့ တိမ်နွယ်မျှင်တန်းတွေ
ပြတ်တောင်းကျိုးရှ သွန်းဖြိုးချလိုက်မှာကို
ရင်စီးခံမြေပြင်မှာ စိုးထိတ်နေခဲ့တဲ့သူ.....

ခြစားသက္ကရာဇ်မှာ မပြောင်းလဲတတ်သူကိုမှ
သချာင်္ပုဒ်စာတစ်ပုဒ် အဆင့်ကျော်တွက်သလို
ယုံကြည်ခြင်းအနာတရ မနောမှာဖြစ်လွယ်ခဲ့ရင်
ရင်ဘတ်ထဲကမှန်တစ်ချပ်နှင့် လှမ်းကြည့်ညှိ
ကိုယ့်ဝိညာဉ်မမင် ကျွမ်းလောင်ပင်လယ်ပြင်နှင့်
တိမ်လိပ်ပြာတွေ ကောင်းကင်ယံမှာပျံဝဲသက်သေ.....



(ဘလော့နှင့် တစ်လကျော်ကျော်ဝေးခဲ့ပြီးပြီး...နောင်လည်း ဆက်ဝေးဖြစ်နေအုံးမယ်...အလုပ်သစ်မှာ လူသစ် နေရာသစ်နဲ့  နေသားကျလုလု... အဲဒါနဲ့  သံယောဇဉ်မပြတ်တဲ့ ဒီဘလော့ပေါ် ကဗျာတစ်ပုဒ် ချရေးဖြစ်မိတယ်...ကဗျာလို့ မည်ပါ့မလားမသိ :D သတိတရနဲ့ လာလည်ကျတဲ့ ချစ်သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါဗျာ )

သုညကြွင်းတော့မဲ့ ကမ္ဘာနေ့ ရက်ရောက်ခဲ့ရင်

Thursday, November 5, 2009

18 comments


ရက်ပေါင်း တစ်ထောင်ကျော်ပဲ ကမ္ဘာမြေကြီးက သက်တမ်းကျန်တော့တယ်တဲ့လား ?? ဒီသတင်းက မိခင်ကမ္ဘာမှာ မှီခိုနေကြတဲ့ သတ္တ လူသား တွေအတွက် အတွေးတစ်ခုတော့ အရည်ပျော်စေခဲ့သည်တော့ အမှန်။ ဒီဖြစ်စဉ် ဖြစ်၏ မဖြစ်၏ ကယက်တစ်ခုထပွက်ခဲ့ခြင်းနှင့်အတူ ထိုနောက်ကွယ်မှာလည်း ယုံကြည်၏ မယုံကြည်၏ သည် လူသားတွေကြားမှာ လှိုင်းတစ်ခုတော့ ထခဲ့မည်သာ။

တိကျသေချာခြင်းမရှိတဲ့ ဒီဝိုးတဝါးသတင်းမှ အလင်းတစ်ခုထွန်းညှိပေးလိုက်သလို ရှိစေခဲ့သည်ကတော့ မုချအမှန်ပင်။ ကျွန်တော်တို့ တစ်တွေ တစ်နေ့ နေ့ တော့ သေခြင်းနိုင်ငံသို့  ပါမစ်မလိုပဲ ကူးရအုံးမည်။ ဒါပေမဲ့ ကျွန်တော်တို့ တွေဟာ လောဘ၊ဒေါသ၊မောဟ အမှောင်တွေရဲ့ ကြားမှာ ရပ်တည်ရှင်သန်ရင်း သေ ဆုံးခြင်းဆိုတာကို ကိုယ်နှင့်လားလားမှ မဆိုင်သလို မေ့လျောထားခဲ့မိတာကြာပြီးမဟုတ်ပါလော ( ၇၀% သော လူသားများအတွက်သာ။ ဤကား စာရေးသူ၏ စကားချပ် :D )

ရော်ရွက်ဆိုတာ အချိန်တန်ုလို့ ပဲဖြစ်ဖြစ်၊ နွေလေရူးကျီစယ်လို့ ပဲဖြစ်ဖြစ် ကြွေရမည်မှာ ဓမ္မတာပဲမဟုတ်လား။
အခုလည်း ကပ်ဆိုးတစ်ခုကြုံလို့  ကမ္ဘာမြေကြီး အိပ်စက်အနားယူတော့မည်ဆိုရင် မှီခိုသူ ကမ္ဘာသူကမ္ဘာသားများသည်လည်း အတူတူလောင်ကျွမ်းကွယ်ပျောက်သွားပေတော့မည်။ အဲဒီလို အခြေအနေမျိုးဖြစ်ခဲ့သည်ရှိသော် ဘလော့သူဘလော့သားထဲက ကျွန်တော်လည်း တဂ်ပို့ ထဲက မေးခွန်းတွေအတိုင်း စိတ်ထဲကဖြစ်ပေါ်နေတဲ့ ဖီလင်တွေ ချရေးကြည့်မိပါတော့တယ်……………..(မခရေညို တဂ်ထားတာ နောက်ကျမှရေးဖြစ်တဲ့ အတွက် တောင်းပန်ပါ၏)

(၁)ဘယ်သူတွေနဲ့ ရှိနေချင်လဲ
မခွဲခွာရခင်တော့ ချစ်သူခင်သူအားလုံးနဲ့  အတူတူရှိနေချင်တယ်။

(၂)ဘာတွေခံစားနေရမလဲ
နောင်ကမ္ဘာသစ်ဖြစ်တည်ခဲ့ရင်တောင် ချစ်သူခင်သူတွေနဲ့  ဆုံနိုင်ပါအုံးမလားလို့ ပါ။

(၃)ဘာတွေ ပြင်ဆင်ထားမလဲ
မေတ္တာလက်နက်ကအစွမ်းထက်ဆုံးလို့ ခံယူထားတဲ့အတွက် ကျွန်တော့်ယုံကြည်မှုကြောင့် လုံခြုံနေမှာပါ။

(၄)ဝမ်းနည်းမိတာက
အိပ်မက်တွေထုဆစ်ရင်းတန်းလန်းမို့ ။

(၅)ကြောက်လန့် မိတာက
ကမ္ဘာပျက်လို့  နာနာကျင်ကျင်အော်ဟစ်တဲ့အသံတွေ။

(၆)ဆောင်ထားချင်တာ
လောင်ကျွမ်းပျက်စီးနိုင်တဲ့ အရာတွေထက် စိတ်ထဲမှာ လုံလုံခြုံခြုံသိမ်းနိုင်တဲ့ သရဏဂုံ။

(၇)ဘာတွေရေးမိမလဲ
ရေးဖြစ်လိမ့်မယ် မထင်ပါဘူး။

(၈)တွေးမိတွေးရာ အတွေး
ကျွန်တော်တို့ တွေရဲ့  ရှင်ခြင်း သေခြင်းက ရုပ်သေးဆရာရဲ့  ကကြိုးကကွက်နဲ့ တူနေသလိုပါပဲ။

(၉)ဂုဏ်ယူချင်တာက
မိဘအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ သားတစ်ယောက်မဖြစ်ခဲ့တာတောင် အထိုက်အလျောက်တော့ ဂုဏ်ယူပီတိဖြစ်စေခဲ့ပြီး။

(၁၀)ရှာကြံဖြေသိမ့်မိတာက
ကမ္ဘာပျက်ခြင်းရထားမဆိုက်ရောက်ခင်ကတည်းက ဒုလ္လဘရဟန်းခံပြီးမြောက်ခဲ့ခြင်းပါပဲ။

(၁၁)ကျူးရင့်ချင်တဲ့ ဥဒါန်း
သေခြင်းက လက်တကမ်းအလိုမှာပဲရှိတော့တယ်။ သေချာတာကတော့ သာမာန်ထက် ဝင်သက် ထွက်သက် ပြင်းပြင်းနဲ့  ကျုးရင့်နေမိမှာပဲ :D



2012 The End Of The World ? -

ရောင်နီအိမ်မက်

Saturday, October 24, 2009

20 comments
ပုံကို www.mythicalireland.com မှ ယူပါသည်။

ဆည်းဆာသည် တဖြည်းဖြည်း အရောင်မှိန်ကာမှိန်ကာဖြင့် ပျောက်ကွယ်သွားကြသည်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တစ္ဆေတစ်ကောင်လိုပင် ညအမှောင်သည် ကျွန်တော့်အနားပတ်ဝန်းကျင်သို့  ခြောက်ခြားဖွယ်ကောင်းလွန်းစွာ တိုးဝင်ခဲ့ပြန်ပြီး။ ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ ကြယ်တွေလတွေဝှက်ကွယ်ထားသည့် တိမ်ညိုတိမ်မည်းတို့ မင်းမူထားသည်မှာ အကျည်းတန်လွန်းပေစွ။ တစ်ခါတစ်လေ သားရဲတိရိစ္ဆာန်တို့ ၏ စူးစူးဝါးဝါး အော်သံတို့ သည်လည်း အိပ်မောကျနေသော ဒ်ီတောင်တစ်ကြောကို လှုပ်နှိုးနေသလိုပင်။ သွားရင်းလာရင်း ခလုတ်တိုက်မိနေသဖြင့် မီးအလင်းရောင် ရလိုရငြား မီးခြစ်ကျောက်နှင့် မီးတောက်အောင် ကြိုးစားမိတိုင်း အချည်းနှီးသာ။

သိပ်မကြာမီမှာပင် လေတွေတဝုန်းဝုန်း တိုက်ခတ်လာသည်။ မိုးတွေတဖွဲဖွဲရွာချလာသည်။ ကျွန်တော်လည်း တဖြည်းဖြည်းနှင့် ကြောက်ရွံစိတ်တို့ တိုးကာတိုးကာသာ။ ဆူးငြှောင့်ခလုတ်တို့ ပြည့်လျှံနေသော ဒီလမ်းကြမ်းထက်ပေါ် ခြနင်းနေသော ခြေဖဝါးတစ်စုံသည်လည်း စုတ်ပြတ်သတ်နေသည်။ နာကျင်မောဟိုက်နေသော အသက်ရှုသံတို့ သည် မူမမှန်တော့ပေ။ ဆာလောမွတ်သိပ်မှုတို့ သည်လည်း အဆုံးအစွန်ထိဆန့် ရင်း တိတ်ဆိတ်နေပြီး။ လေတိုက်တိုင်း လှုပ်ခါနေသော သစ်ပင်အုပ်အုပ်မှ ထွက်တဲ့ တရွှီးရွှီး အသံတို့ သည်လည်း ခြောက်ခြားဖွယ်ပတ်ဝန်းကျင်ကို အသက်ဝင်နေစေပြန်သည်။

စိတ်ဓါတ်တွေ ကျလိုက် ပြန်အားတင်းလိုက်နှင့် စမ်းတဝါးဝါးနှင့် ဦးတည်ရာမဲ့ အမှောင်အတိနှင့် ခရီးကြမ်းကို ဖြတ်ကျော်နေသည်မှာ ကြာငြောင်းလွန်းလှသည်။ ဒါပေမဲ့ အလင်းတစ်စ ကို မျှော်လင့်သည်။ ထိုအလင်းတစ မှသည် မနက်ဖြန်ကို လှပစွာ ပုံဖော်နိုင်လိမ့်မည်ဟု ကျွန်တော် တွေးထင်မိသည်။

“အမြန် ရောင်နီ လင်းလက်ပါတော့” ဟု တိတ်တခိုးဆုတောင်မိသော အသံတို့ မှာလည်း ယုံကြည်မှုတွေ ဖျော့တော့လျက်။ သို့ သော်လည်း ခရီးများအဆုံးထိလျှောက် ဟု ကိုလေးဖြူ သီချင်းထဲကလိုပင် အလင်းတစ်စရှိရာသို့ တရွေ့ ရွေ့ လျှောက်ရင်း ချောက်ကမ်းပါးအစွန်းကို ရောက်မှန်းမသိ ရောက်နေသည်။ လေဟာနယ်ကို တက်နင်းမိသလို သိလိုက်ချိန်တွင် ခြေလှမ်းကို ရုပ်သိမ်းဖို့  နောက်ကျသွားပြီးဖြစ်သည်။

အာာာာာာား

ကုတင်ပေါ်ကနေ ပြုတ်ကျလာမှ အိပ်မက်မက်နေမှန်းသိသည်။ အိပ်မက်ထဲကလိုပင် ကျွန်တော့်အတွက် လက်တွေ့ အပြင်မှာလည်း အမှောင်အတိပင်ဖြစ်နေသည်။သို့ သော် ထိုအမှောင်သည် ရောင်နီကို ကြိုလင့်နေသော အမှောင်……….။ အမှောင်ကွယ်ရင် အလင်းရောက်စမြဲပဲမဟုတ်ပါလား။

စုပေါင်းဘုံကထိန်

Saturday, October 17, 2009

12 comments
မော်လမြိုင်(GTI/GTC/GTU) ကျောင်းသား/ကျောင်းသူဟောင်းများ စုပေါင်းဘုံကထိန်ကို Topayo မြန်မာဘုန်းကြီးကျောင်းမှာ ယနေ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ဒုတိယကြိမ်မြောက် ရောက်ရှိခဲ့ပြီးပေါ့။ မနှစ်တုန်းက Eunos မြန်မာဘုန်းကြီးကျောင်းမှာ ပထမကြိမ်မြောက် စီစဉ်ကျင်းပခဲ့တာပါ။



အပေါ်မှာ ပဒေသာပင်ကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်

ပွဲမစခင်က ပုံတွေပါ (လူစုတုန်းအချိန်ပေါ့ :) )

ဘုန်းကြီးကြွလာတဲ့အချိန်မှာ ငါးပါးသီလခံယူခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ ပဒေသာပင် ဆက်ကပ်ခြင်း တို့ ပြီးတဲ့နောက် ရေစက်ချအမျှဝေကာ စုပေါင်းဘုံကထိန်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

T x 20

Saturday, October 10, 2009

10 comments






1. What is your now : Tala Non

2. A four letter word : True

3. A boy’s Name : Takai (Japanese)

4. A girl’s Name : Taka(Japanese)

5. An Occupation : Technician (Civil Field)

6. A color : Tea Green

7. Something you’ll wear : T-shirt

8. A food : Tofu

9. Something found in the bathroom : Towel

10. A place : Tokyo

11. A reason for being late : Time Wrong

12. Something you’d shout : Time & Tide Wait For No Man

13. A movie title : Titanic

14. Something you drink : Tea Mix (Royal Myanmar)

15. A musical group : T-Pain

16. An animal : Tiger

17. A street name : Tai Thong Crescent

18. A type of car : Toyota

19. The title of a song : Total Eclipse Of The Heart (Westlife)

20. A verb : Take Care


Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any wအord twice and you can't use your name for the boy/girl name question.

သူငယ်ချင်း ဝိုင်း က တဂ်ထားတာပါ။ သူငယ်ချင်းရေ ကျေနပ်မယ်လို့  မျှော်လင့်ပါတယ်။ နောက်ထပ်......

T - Thanlwin Hero
A - Angle Shaper
G - Golden Citizen (Ko Yangon Thar) တို့ ကို ပြုံးပျော်စေဖို့  ရည်ရွယ်ရင်း ဆက်တဂ်ချင်ပါတယ်။

ဇင်ယော်မျက်ရည်ဝေ့သီသီ

Saturday, September 26, 2009

20 comments
ပုံကို (Google) ထဲတွင် ရှာဖွေထားပါသည်။


တလိမ့်လိမ့်ယိမ်းခါကခုန်နေကြသည့် လှိုင်းတွေပေါ် လျှပ်တိုက်ပျံသန်းရင်း ပျော်ပါးသီကြွေးနေကြတဲ့ ဇင်ယော်ငှက်တို့ ၏ တေးသံသည်ကပင် ကျုပ်အတွက် အပန်းဖြေစရာပင်မဟုတ်ပါလော။ ကျုပ်ကိုယ်တိုင် စိတ်တိုင်းကျ တည်ဆောက်ထားတဲ့ ဇင်ယော်လို့ အမည်ခံ လှေသမ္ဗာန်ငယ်လေးနှင့် ဒီမြစ်ပြင်ကျယ် ခရီးလမ်းကို နေဝင်မှနေထွက် ကျင်လည်ခဲ့တာ ဘဝရဲ့သက်တမ်းသုံးပုံတစ်ပုံလောက်ပင် ရှိနေပြီ။ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း စုန်ဆန်ကူးရင်း ကူးတို့ ခတ်သမားအဖြစ်နှင့်တစ်မျိုး ၊ ငါးဖမ်းသမားအဖြစ်နှင့်တစ်ဖုံ ဒီမြစ်ရေပြင်ကျယ်ပေါ်မှာ ဘဝအစုံစုံကျင်လည်ခဲ့တာ ကျုပ်အတွက် ပင်ပန်းလွန်းပေမဲ့ စိတ်ချမ်းမြေ့ စရာတွေပါ။

ညတွေမှာ သုခိတာဆေးပေါ့လိပ် ရှိုက်လို့ ကဗျာဆန်ဆန် ကြယ်ကလေးတွေကို ရေတွက်နေတတ်တယ်ဆိုရင် ဘဝသမား ကျုပ်ကို ခင်ဗျားတို့  ရယ်ကြမလားပဲ။ နီယွန်မီးအလင်းရောင်ထက် မှောင်မှောင်မည်းမည်းနှင့် လမိုက်ညလိုဟာမျိုး၊ လရောင်ဆမ်းတဲ့ ရေပြင်ထက်က လရိပ်ထင်တဲ့ညတွေမျိုးကို သဘာဝထဲစီးမျောရင်း ကျုပ်က အပြည့်အဝခံစားပြစ်လိုက်တာ။ အဲဒီလို သဘာဝရဲ့လက်ဆောင်တွေ ဘယ်လောက်ငြိမ်းချမ်းလဲဆိုတာ လူတော်တော်များများက သိချင်မှ သိမှာပါ။

နေတတ်ရင် ဘဝဟာ ကျေနပ်စရာပါ ဆိုတဲ့စကားက ကျုပ်အတွက် မှန်ကန်လွန်းနေပြန်တယ်လေ။ ကြည့်ပါအုံး ကျုပ်မှာ ပိုင်တာဆိုလို့  ဒီလှေသမ္ဗာန်တစ်စီးပဲရှိတယ်။ အသိုက်အမြုံ အိမ်ဆိုတာ ကျုပ်အတွက် တွေးမျှော်မှန်းစရာ အိပ်မက်ပမာ ရှိနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ဒီလှေသမ္ဗာန်ပေါ်မှာပဲ ကျောတစ်နေရာစာ ချရဖို့ ၊ မနက်ဖြန်တွေမှာ သမုဒ္ဒရာဝမ်းတစ်ထွာဖြည့်ဆည်းဖို့  ဆိုတာတွေက သိပ်အခက်အခဲကြီးမဟုတ်တော့ ပူပန်တတ်တဲ့စိတ်ဆိုတာ ကျုပ်နဲ့ မဆိုင်သလိုပါပဲ။ အဲဒါကြောင့် ပြောတာပေါ့ ကျုပ်က ဘဝမှာ ပျော်ရွင်နေတဲ့ လူသားတစ်ယောက်ဆိုတာကိုလေ။

ကျုပ်ရဲ့ အခြားတစ်ဖက်မှာ ရပ်တည်ရှင်သန်နေကြတဲ့ ကူးတို့ စီးနင်းလိုက်ပါကြသူတစ်ချို့ ရဲ့ မျက်နှာကို အခုတလော ကျုပ်သေသေချာချာ သတိထားမိကြည့်တယ်။ ပင်ပန်းဖျော့တော့နေတဲ့မျက်ဝန်းတွေ ၊ ကြောက်ရွံထိန့် လန့် နေကြတဲ့ နှုတ်ခမ်းတွေ ၊ သောကဖိစီးလို့  ချောင်ကျနေတဲ့ ပါးပြင်ချိုင့်ချိုင့်တွေကို ကျုပ် နားမလည်စွာနှင့် ငေးမောအဖြေရှာနေမိတယ်။ သူတို တွေ ဘာကြောင့်ဒီလို သောကဝန်တွေ ပိနေရလဲဆိုတာ အကြောင်းစုံမသိခင်တုန်းက သာမာန်ကာလျှံကာပဲ ကျုပ် သဘောထားမိခဲ့တယ်။

ရိက္ခာတွေ ပြတ်တဲ့တစ်နေ့ ကုန်းပေါ် ရောက်မှပဲ ကျုပ်အကြောင်းစုံသိခဲ့ရတယ်။ ကျုပ်တို့ နယ်ဘက်ရဲ့ ရွှေဖြူ တောကြီး(ရာဘာခြံ)တွေ အလဲလဲ၊အပြိုပြို နဲ့  မြင်မကောင်းအောင် ခုတ်ထစ်ခံနေရတယ်။ ကျုပ်တို့ နယ်ဘက်က လူတွေအားလုံးရဲ့ အသက်သွေးကြောဆွဲနှုတ် လှန်ပစ်ခံနေရတာ ရင်မဆံ့အောင် မြင်ခဲ့ရတယ်။ ဒီခြံလုပ်ငန်းကိုပဲ မှီခိုပြီး နေသားကျနေပြီဖြစ်တဲ့ ကျုပ်တို့ နယ်သားတွေရဲ့ ဘဝ ယိမ်းယိုင်ရတော့မဲ့အရေး ကျုပ်လို ဘာမှမရှိ လှေသဗ္ဗာန်တစ်စီးနဲ့ ရောင့်ရဲနေထိုင်တတ်တဲ့လူတောင်မှ စိတ်မခိုင်နိုင်တော့ပါဘူးဗျာ။

နောက်ပြီး မြို့ တော်ကြီးမှာ တက္ကသိုလ်ပညာ သင်ကြားခြင်းပြုနေကြတဲ့ ခြံစိုက်သူတွေရဲ့ သားသမီးတွေဟာလည်း ကမန်းကတန်း ရွာကို အပြေးပြန်လို့  သူတို့ နောင်ရေး ဆက်ရန်ရှိ၊မရှိ ရင်တထိတ်ထိတ်နှင့်မျက်နှာတွေကို ကြည့်ရင်း ကျုပ်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ တကယ်ဆို လတ်ဆတ်ပျိုမြစ်နေရမဲ့  အရွယ်တွေပါ။ သူတို့ လေးတွေကို ညှိုးနွမ်းခြောက်သွေ့ သွားအောင် လုပ်သွားတဲ့ တရားခံက မသိကျိုးကျွန်ပြုနေနိုင်တာကိုကျတော့ ရက်စက်တယ်လို့ ဆိုရမလား။ ယုတ်မာတယ်လို့ ဆိုရမလားပဲ။ ကျောက်ခဲလိုမျိုး နေတတ်တဲ့ ဘဝသမား ကျုပ်ကိုယ်တိုင်တောင်မှ မျက်ရည်စို့ နေပြီဗျာ။

လှိုင်းကြားထဲမှာ ပျော်နေတတ်တဲ့ ဇင်ယော်ငှက်တစ်ကောင်လို ကျုပ်လည်း ဘယ်တော့များ မြစ်ရေပြင်အောက် လျှိုလို့  အသက်မွန်းရမဲ့နေ့ ရက်ရောက်လာအုံးမလဲမသိဘူး။ အဲဒီအခါကျရင် သဘာဝအလှအပရဲ့ အဝေး၊ ရိုးသားဖြူစင်တဲ့ အပြုံးတွေနဲ့  ကျောခိုင်းမဲ့ပင်လယ်ပျော်ဇင်ယော်တစ်ကောင် အနေနှင့် ကျုပ်လည်း အခြားပင်လယ်အတုတစ်ခုမှာ မျက်ရည် တဝဲလည်လည်နှင့် ခဏတာ မှီခိုဖြစ်မိအုံးမယ်ထင်ပါတယ်။

အဏ္ဏဝါထက် ဖြန့် ကျက်မိသော အတွေးကွန်ယက်များ

Thursday, July 30, 2009

13 comments

ကောင်းကင်ထက်မှ ခရမ်းရင့်ရောင်ပုတ်ပုတ် မိုးသားအလိပ်လိပ်တို့ သည် မြေပြင်တခွင်ပေါ် မှိုင်းမှိုင်းညှိ့ ညှိ့ နှင့် ဖြန့် ကျက် ခင်းထားသည်။ မကြာခင် သည်းသည်းမည်းမည်း ရွာချတော့မည့်ဟန် ဆောင်နေတဲ့ မိုးသားတွေနှင့် အပြိုင် မော်လမြိုင်(ဈေးကြီးဆိပ်ကမ်း)မှ သမိန်းဗရမ်း နှစ်ထပ်သင်္ဘောသည်လည်း ဒေါမာန်ပြင်းသည့် လှိုင်းကြမ်းထက်ကို ဖြတ်ပြီး ဘီလူးကျွန်းဆီသို့  ခုတ်မောင်းရန် တာစူလျက်ရှိပေသည်။


မိုးမလာခင် ကုန်တင်ကုန်ချ အလုပ်သမားများသည် ကုန်ပစ္စည်းများကို ထမ်းပြီး သဘောင်္ပေါ်သို့  တသုတ်သုတ်နှင့် တိုးဝှေ့ တင်ဆောင် နေကြသည်။ အခေါက် အရေအတွက်များများ ရမှ လုပ်အားခ ပိုထွက်မည် ဖြစ်သလို မိုးတွေ စိုကုန်မှာစိုးလို့ အလျင်အမြန် ပြေးလွှားမိကြတော့ ခရီးသည်အချို့ နှင့် ထိမိခိုက်မိပြန်သည်။ နားလည် ကိုယ်ချင်းစာတတ်တဲ့သူများက ဘေးဝဲယာ ကပ်ပေးကြသလိုပဲ တစ်ချို့ တွေကြတော့ ချွေးတွေပြန် ညစ်ပတ်ပေကျံ နေကြသော အလုပ်သမားတွေကို နှာခေါင်းရှုံ့ ပြီး ဘေးယာ ကပ်ကြသည်လည်း ရှိသည်။


သင်္ဘောထွက်ရန် နာရီဝက် လိုသေးသဖြင့် ကျွန်တော်လည်း ဘောတံတား ဘေးကနေ အေးအေးလူလူပင် ဆင်းလာခဲ့သည်။ သင်္ဘောအဝင် ဘေးယာတွင် ယာယီ ထီးကလေးတွေနှင့် စာကလေးခွေ ၊ ပဲပြားအစာသိပ် စသည့် မုန့် ပဲ သရေစာများစွာကို ရောင်းချနေကြတဲ့ ဈေးသည်များ ပြည့်ကျပ် နေသဖြင့် သင်္ဘောပေါ်သို့  တော်တော်နှင့် မလှမ်းနိုင်။ မိုးကလည်း သည်းစပြု နေပြီးဆိုတော့ သင်္ဘောပေါ်သို့  ရောက်ရန် စိတ်လောနေသော ခရီးသည်တစ်ချို့ မှ စည်းကမ်း မရှိသော ဈေးသည်များကို အပြစ်တင် ဝေဖန်သံကို လည်း ကြားရပြန်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ ဒီမြင်ကွင်းမျိုးက မဆန်းပါပေ။


သင်္ဘောပေါ်ရောက်တော့ လက်မှတ်ရောင်းသည့် ကောင်တာမှာ ရောင်းမည့်သူ ပျောက်နေသည်။ ကိစ္စမရှိ ။ လက်မှတ်လာ ကောက်ရင် ပိုက်ဆံပေးလိုက်လို့ ရသည်။ လက်မှတ် လာကောက်သည့် ချာတိတ်တွေကလည်း ထိုပိုက်ဆံကို တရိုတသေနှင့် ခါးကြားထဲ လိမ်ထိုးထည့်လိုက်မည်။ ထိုသို့  အားပေးမှုကြောင့် တစ်ခါတစ်လေ လက်မှတ်စစ်နဲ့ တိုးပြီး လက်မှတ်ဖိုးနှစ်ဆ ပေးဆောင်ခဲ့ရဖူးသည်။


သင်္ဘော ကျောက်ချထားသည့် ဆိပ်ကမ်းနားတွင် ရာသီပေါ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပို့ သည့် လှေငယ်ငယ် များလည်း အစီအရီ အမြောက်အများ။ စိမ်းစားဥ ၊ ဖရဲသီး ၊ ကြက်မောက် ၊ မင်းဂွတ် ၊ ကျွဲကော် နှင့် ဒူးရင်း စသည့် အသီးအနှံများကို တင်ဆောင်လာကြသည်။ လာယူသည့် ဖောက်သည်များဆီ ပို့ ဆောင် ပေးပြီးကြတဲ့ လှေငယ်များသည် ဆိပ်ကမ်းမှ အလျှိုလျှို ခွာနေကြပြီး ဒီမိုးသည်းသည်း လေကြမ်းကြမ်း လှိုင်းလုံးကြီးကြီးပေါ်တွင် အန်တုရင်ဆိုင်ဖို့  စတင်ထွက်ခွာ တိုးဝင်နေပြန်သည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်လယ်ပြင်မှာ ပျော်ပါးရင်း အသက်ကိုပင် လောင်းကြေးထပ်ဝံ့သူများပင်ပေလော။


တူ……………..တူ


ဥသြဆွဲသံ ကြားမှ လှေငယ်တွေထံ အကြည့်အတွေးကို ရုပ်သိမ်းပြီး လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ တစ်လှေ (သင်္ဘော) ထဲစီး တစ်ခရီးထဲသွား မည့်သူများကို ကြည့်လိုက်တော့ တစ်နေကုန်လှုပ်ရှား ဈေးဝယ် ဈေးရောင်း ခဲ့ကြတဲ့ သူတွေများသည် မောမောပန်းပန်းနှင့် အနားယူ အိပ်စက်နေကြသည်။ တစ်ချို့ သော မိန်းမကြီးတွေကတော့ လူစုံတုန်း ဝိုင်းဖွဲ့ ဆိုသလို ရပ်ရေးရွာရေးကို နဖူးတိုက်ဒူးတိုက် တိုင်ပင်ဆွေးနွေး နေကြသလိုလိုပင်။ ဟိုတစ်ဖွဲ့  ဒီတစ်ဖွဲ့ ။


ကျွန်တော်သည်လည်း မဝေးလှတဲ့ခရီးကို တစ်နာရီကျော် စီးရသည့် တုံ့ ဆိုင်းဆိုင်း သင်္ဘောပေါ်တွင် ဘောလုံးဂျာနယ် တစ်စောင်ကို ဖတ်ရင်း အချိန်ဖြုန်းနေမိသည်။ တစ်ခါတစ်ခါ ခပ်ပြင်းပြင်းရိုက်ခတ်လာတဲ့ လေကြမ်းကြမ်းတွေကြောင့် သင်္ဘောကြီး ဘယ်ညာလူးလျက်ရှိနေပြန်သည်။ တစ်ခါတစ်ခါကျတော့ လေမိုးငြိမ်လို့  လှိုင်းလေးတွေ ငြိမ့်ငြိမ့်လေးသယ်ဆောင်ပြန်သွားသည်။


အဏ္ဏဝါထက်တွင် သင်္ဘောတစ်စင်းပေါ် စီးနင်းလိုက်ပါ လာတဲ့သူနှင့် လှေငယ်လေး တစ်စင်း လှော်ခတ် သွားကြတဲ့သူများ၏ စိန်ခေါ်သံများ ကွာခြားပေလိမ့်မည်ဟု တွေးမိပြန်သည်။ လက်တွေ့ ဘဝ ပင်လယ်ပြင်မှာလည်း ကျွန်ုပ်တို့ က ကံကြမ္မာ မျက်နှာသာပေးမှုကြောင့် လုံခြုံမှုအနည်းငယ်ရှိသည့် သဘောင်္စီးခွင့်ကြုံခဲ့ရပြီးဖြစ်သည်။ တစ်ခါတစ်ရံ လှိုင်းလေကြမ်းချင် ကြမ်းပါမည်။ သင်္ဘော ဘယ်ညာလူးချင် လူးပါမည်။ ကျွန်ပ်တို့ ဘဝ ခဏတာ ယိမ်းယိုင်ချင်လည်း ယိမ်းယိုင်မိပါလိမ့်မည်။ ဒါပေမဲ့ အကြာကြီးတော့ တွေဝေငေးငိုင်ဆွေးမြေ့ နေစရာမလိုဘူးထင်ပါသည်။ ဘာကြောင့်လဲဆိုတော့ လှေငယ်ကလေးနှင့် အဏ္ဏဝါပြင်မှာ အသက်ကိုလောင်းကြေးထပ်ပြီး လှော်ခတ်နေကြတဲ့ လှေငယ်များရဲ့ ပဲ့ကိုင်ရှင်၏ မာန် ကို မြင်မိတွေ့ မိ အားကျမိသွားသောကြောင့်ပင်။


သင်္ဘောကတော့ ပုံမှန်အတိုင်း အင်ဂျင်စက်သံတညံညံနှင့် လိုရာခရီးခုတ်မောင်းလျက်ရှိနေသည်။ လှိုင်းတွေကလည်း သင်္ဘောကိုယ်ထည်ကို ဒေါသတကြီး တစ်ခါတစ်ရံ ဝင်ဆောင့်လျက်။ အတွေးများနှင့် ကျွန်တော်လည်း လေအဝှေ့ မှာ လာစင်သည့် မိုးရေစက်များကြောင့် ………..

နေရောင်မဖြာခင်

Thursday, July 23, 2009

18 comments

မနက်ရောင်ခြည်ဦးမှာ လေညှင်းတစိမ့်စိမ့်ခတ်လို့ 

ပန်းဝတ်ရုံထက်မှာ ရေမှုန်လေးတွေ ခိုဆင်းခဲ့တယ်

လတ်ဆတ်တဲ့ရနံ့ နုနုကြားမှာ တွဲရရီမှေးစက်ရချင်ရဲ

ကြွေလွင့်ပျောက်ကွယ်ရမဲ့ နေရောင်မဖြာခင်အထိပေါ့

ရင်နှင့်ရင်း၍ (ခ) ကဆုန်ပေါက်နေသော ကောမန့် များ (တဂ်ပိုစ့်)

Saturday, July 18, 2009

17 comments
“အဆုံးစွန်သော ပျော်ရွင်မှုဆိုတာ လူတွေ ကိုယ့်အပေါ်မေတ္တာထားတယ် ဆိုတာ သိရခြင်းပဲတဲ့”

အပေါ်က ဒသန စကားစုလေးကို မဂ္ဂဇင်းတစ်အုပ်မှာ ကြိုက်လို့  ကူးထားမှတ်ထားခဲ့တာပါ။ ဟိုတုန်းက ရေးရေးလေး သာမြင်ခဲ့တဲ့ ဒီစကားစုဟာ ဘလော့ရွာထဲမှာ ကဗျာမပီ စာမပီ တွေရေးနေတဲ့ အခုအချိန်မှာ ပိုနားလည်ခဲ့မိတယ်။ ခင်မင်မှုအနေနှင့် အော်သွားတဲ့ စကားလုံးပဲဖြစ်ဖြစ်၊ တဂ်ပိုစ့်ခေါင်းစဉ်ပြောသလို ရင်နှင့်ရင်းပြီး မွေးဖွားလိုက်တဲ့ စကားလုံးပဲဖြစ်ဖြစ် အားလုံးသော စကားလုံးကောမန့် တွေဟာ စာရေးသူ တစ်ယောက်အတွက် ပျော်ရွင်မှုအဟာရ ပေးဆောင် စားသုံးစေသလိုပါပဲ။

ကျွန်တော် ဘလော့ဆိုတာကို မရင်းနှီးခင်တုန်းက “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကျောင်းအမှတ်တရ အနေနှင့် ကဗျာတစ်ပုဒ်ကို မော်လမြိုင် နည်းပညာတက္ကသိုလ် ဝဘ်ဆိုဒ်မှာ ပထမဦးဆုံး တင်ဖြစ်ခဲ့ပါတယ်။ နောက်နေ့ ကျတော့ ကဗျာ့အောက်မှာ စီနီယာတစ်ယောက်ဖြစ်တဲ့ ကိုမင်းသူ ဆီကနေ ပထမဆုံးသောကောမန့်  ကို ရရှိခဲ့ပါတယ်။ အဲဒီနေ့ ကစပြီး ကျွန်တော် စာရေးချင်တဲ့ ပိုးတွေ ထိုးရွလာပါတော့တယ်။ စည်းဝိုင်း အပြင်မှာပဲ လက်ခုပ်တီးတတ်တဲ့ ကျွန်တော် စည်းဝိုင်းအတွင်းကို ပို့ ဆောင်ပေးတဲ့ ကောမန့်  ဆိုလဲ မမှားဘူးပေါ့။

ကျွန်တော် ၂၀၀၉ ဇန်နဝါရီ ၂၈ ရက်နေ့ မှာ “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကဗျာနှင့်ပဲ ဘလော့အိမ်ကို လူမသိသူမသိ ဘလော့ရွာမှာ စတင်တည်ဆောက်ခဲ့တယ်။ ကဗျာလေးပုဒ် ရေးပြီးတဲ့အချိန်ထိ လူကြားမှာ ချပြဖို့  မဝံ့မရဲ ဖြစ်နေတုန်းပါပဲ။ လမ်းညွှန်ဆိုင်းဘုတ် လည်းမတပ်ခဲ့သလို နီးစပ်ရာအိမ်တွေ လည်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ဘလော့ မလုပ်ခင်ကတည်းက ရင်းနှီးတဲ့ မကြယ်ပြာ နှင့် မမြရေလျဉ် တို့ နှစ်ယောက်ကို လာလည်ဖို့  ဘလော့လိပ်စာကို ရင်တထိတ်ထိတ်နှင့် စပေးခဲ့တယ်။ မနက်ခင်းနှင့်အတူ လွမ်းနေဆဲ ဆိုတဲ့ ပိုစ့်မှာ အဦးဆုံး ကောမန့် ကို မကြယ်ပြာ ဆီကနေ ရရှိခဲ့သလို သူ့ အိမ်မှာလည်း လင့်ချိတ်ပေးခဲ့သေးတယ်။ အဲဒီ ကောမန့် ဟာ ကျွန်တော့်ဘလော့ရဲ့  ခြေလှမ်းအစ ကို ချိုမြိန်စေခဲ့တယ်။

လမ်းလျှောက် တတ်ကာစ ကလေးတစ်ယောက် အတွက် ယုံကြည်မှု ဆိုတာ မရှိမဖြစ် လိုအပ်သလိုပဲ ဘလော့ရေးခါစ အစောပိုင်းကာလတွေမှာ အားပေး တွဲခေါ်ခဲ့ကြတဲ့ ကောမန့် ပိုင်ရှင်တွေဆိုလည်း မေ့လို မဖြစ်တဲ့ တွဲလက်များတွေပါ။ နောက် ဘလော့စတင်ပြီး ယနေ့ အထိ မြေသြဇာ ဖြည့်ပေးခဲ့ကြတဲ့ ကောမန့် စကားလုံး အားလုံးအားလုံး တွေ ကြောင့် ကျွန်တော်အိမ် ရှင်သန်ရပ်တည် နိုင်ခဲ့တယ်ဆိုတာ မပိုသော စကားတွေပါ။ ကဆုန်ပေါက်နေသော ကောမန့် စကားလုံးများလို့ တိတ်တိတ်လေး ကျွန်တော် နာမည် ပေးထားတဲ့ ဒီကော်မန့် အားလုံးကို ရင်နှင့်အမျှ တန်ဖိုးထားပါတယ်။

အပင်တစ်ပင်စိုက်ရင် သီးပွင့်လာမဲ့ သစ်သီးတွေ မျှော်ရသလို ကျနော့် ရေးလိုက်တဲ့ ကဗျာမဟုတ် စာမဟုတ် ခေါင်းစဉ်တပ်လို့ မရတဲ့ စာတစ်ချို့ အတွက်လည်း အားနာနာနှင့်ပဲ ကောမန့် တွေ ထပ်မျှော်နေမိအုံးမှာပါ။ တဂ်ပိုစ့်အဖြစ် တဂ်ထားကြတဲ့ ကိုသားကြီး နှင့် ရေတမာ တို့  ကျေနပ်ကြမယ်လို့  ထင်ပါတယ်။ တဂ်ပိုစ့် ဆိုတဲ့အတိုင်း ထပ်တဂ်ချင်ပါတယ်။ ဘယ်သူပေါက်လဲဆိုတာ ကံစမ်းမဲ နှိုက်ကြည့်ကြပါလား။ ပျော်စေချင်လို့  :)
ကံစမ်းမဲ.........

ဆေးမလွင့် အနံ့ မပြယ်

Monday, July 13, 2009

18 comments
လက်မှာ လွယ်အိတ်မည်းမည်း တစ်လုံး ဆွဲထားပြီး ခပ်သုတ်သုတ် လျှောက်နေတဲ့ လူတစ်ယောက်။ အင်းးးး လျှောက်သည် ဟုဆိုရမှာထက် ပြေးသည်ဟု ဆိုရရင် ပိုမှန်မလားပဲ။ အောက်ပိုင်းမှာ အုန်းနှစ်ပင် အစိမ်းရင့်ရင့်နှင့် အပေါ်ပိုင်းမှာ အဖြူ လည်ကတုံးကို တွဲဝတ်ထားသည် ဆိုတော့ ထိုလူသည် ကျောင်းသား ဟုတ်ရင်ဟုတ် မဟုတ်ရင် ကျောင်းဆရာပေါ့ဟု စုံထောက် ဦးစံရှားလို တွေးလိုက်သည်။ အနားသို့  နည်းနည်းနီး လာတော့ ထိုလူသည် မျက်စိလေးလုံး နှင့်လူ (ဝါ) မှန်ကြောင် ဆိုသော ဘွဲ့ ထူး ကိုလည်း ပိုင်ဆိုင်မှန်း တွေ့ လာသည်။ ကျွန်တော်တို့ ရွာလေးမှာ ထိုကျောင်းဆရာ ဘယ်တုန်းက ရောက်လာပါလိမ့်။ ကိုယ့်နှင့်ရွယ်တူ ထိုကျောင်းဆရာ ပြေးနေတာကအကြောင်းမဟုတ် ကိုယ်လိုရွာမှာ အလုပ်မရှိအကိုင်မရှိနှင့် လမ်းပေါ်မှာ လှည့်ပတ်နေတဲ့ ကောင်အတွက် မျက်နှာပူမိတာအမှန်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေတဲ့သူကိုကြည့်ရင်း တစ်ခုခုကူညီဖို့  ထိုကျောင်းဆရာအနီး အရောက်မှာ ဆိုင်ကယ်လီဗာ နည်းနည်း လျှော့လိုက်သည်။


ကျောင်းဆရာ ကျောင်းဆရာ

ကျွန်တော့် အော်ခေါ်သံ ကြားတော့ ထိုကျောင်းဆရာက လှည့်ပင်မကြည့်ပဲ စကားတစ်ခွန်း လှမ်းပြောလိုက်သည်မှာ ချိုသက်သက်။

ဆိုင်ကယ်တက္ကစီ မလိုဘူးဗျ

မဟုတ်သေးပါဘူး ဒီကျောင်းဆရာတော့ ဆိုပြီး ထပ်ဆင့် ကျွန်တော့် အော်ခေါ်သံကြားမှ ထိုကျောင်းဆရာ မျက်မှန်ကိုလည်းပင့် နဖူးက ချွေးတွေလည်း တပြိုင်နက် သုတ်လိုက်ပြီး အနောက်ဖက် စောင်းကြည့်သည်။

ဘာလဲခင်ဗျ ………ဟာ မင်းးးးးးးးးးးး

ဘုဆတ်ဆတ်ဘက် ယိမ်းနေတဲ့အသံကနေ အံ့သြတဲ့ အသံဘက် ချက်ချင်းပြောင်းသွားတဲ့ ထိုကျောင်းဆရာ၏ အသံကို ကျွန်တော်ချက်ချင်းမှတ်မိသွားသလို ပါးစပ်ကနေ ထွက်သွားမိတာက

ဟာ……… ငပြဲ

ကျွန်တော့်အသံလည်း ကြားရော ကျောင်းဆရာ(ခ)ငပြဲမျက်နှာ ချက်ချင်းအိုသွားသည်။ ငပြဲ ဆိုတဲ့ ငယ် နာမည်ကြောင့် ဖြစ်သည်။ အနားမှာ ဖြတ်သွားတဲ့ ကျောင်းသား/ကျောင်းသူလေးတွေ မရှိသေးလို့  တော်သေးသည်ဟု တွေးရင်း

လိုက်ခဲ့ သူငယ်ချင်း။ ဟိုဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်ကြရအောင်။ ကျောင်းတက်ဖို့  နာရီဝက် လိုသေး တာပဲ မဟုတ်လား။

အားးးးးးးးမရဘူး မရဘူး ငါထိုင်လို့ မရဘူး ထိုင်လို့ မရဘူး

ပလုံးပထွေးနှင့် ငပြဲ (ဝါ) ကျောင်းဆရာ အကြောက်အကန်ငြင်းသည်။ ဆယ်နှစ်ကျော် ခွဲခွာပြီးမှ တွေ့ ရတဲ့ သူငယ်ချင်း တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင် ခဏထိုင်ဖို့  အကြောက်အကန် ငြင်းနေမိတဲ့ ကျောင်းဆရာကို စိတ်ထဲ နည်းနည်းတော့ ချဉ်မိသွားသည်။

အိုကေ ကျောင်းဆရာ အချိန်မှ မပေးနိုင်တာကွာ သွားကြတာပေါ့

.-._.-._._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-.


ညီအစ်ကို မသိတသိ အချိန်ရောက်တော့ ကျောင်းဆရာ တစ်ယောက် ကျွန်တော်တို့ အိမ်ကို ရောက်ချလာ ပါတော့တယ်။ မနက်တုန်းက ဒီဇိုင်းနဲ့ မဟုတ်တော့။ ဝတ်စုံ ပြောင်းသွားသလို လေသံကလည်း တက်ကြွမှုနှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သူကပဲ စခေါ် နေသေးသည်။ ကျွန်တော် နည်းနည်း ချဉ်နေသးတဲ့ အရှိန်က မပြေသေးပေမဲ့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင် အတူတူရောက်ဖြစ်သွားကြသည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျောင်းဆရာ၏ ရင်တွင်းစကားတစ်ချို့ ဖွင့်ဆိုလိုက်ပုံက ဒီလို ဒီလိုပါတဲ့ခင်ဗျာ.....

သူငယ်ချင်း ငါမနက်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်မိရင် ငါ့ယူနီဖောင်းက ငါ့ကြောင့် ဒဏ်ရာ ရသွားလိမ့်မယ်။ အခြား လူတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် အပြစ်ပြောတဲ့သူ မရှိပေမဲ့ အဖြူနှင့် အစိမ်း ဝတ်စုံ ဝတ်ပြီး လက်ဖက်ရည်ဆိုင်မှာ လေပေါနေရင် ငါ့တပည့်တွေ နှင့် တပည့်မိဘတွေက အပြစ်မပြောပေမဲ့ လေးစားခြင်းတွေ ပျက်တယ်ကွ။ ရှေးရှေးဆရာ၊ဆရာမတွေ ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ဒီယူနီဖောင်း ဂုဏ်သိက္ခာ က ငါတို့ ခေတ်သစ်ဆရာတွေ လက်ထက်ကျမှ မြောင်းထဲ မရောက်စေချင်ဘူး။ ဖြူစင်ခြင်းဆိုတဲ့ အဖြူရောင်ရဲ့ ဂုဏ်သတ္တိ ကို ငါတန်ဖိုးထားတယ်။ ဇွန်ဇူလိုင် ကျောင်းဖွင့်ရာသီနှင့် အပြိုင် စိမ်းလန်းနေတဲ့ ပတ်ဝန်းကျင်နှင့်အတူ စိမ်းလန်းဖျတ်လတ်လှတဲ့ ငါတို့ ရဲ့  အစိမ်းကို တန်ဖိုးထားတယ်။ ဘယ်တော့မှ ငါတို့ ခေတ်သစ်ဆရာတွေကြောင့် မည်းညစ်သွားတဲ့ အစိမ်းရောင် နှင့် အဖြူရောင် ယူနီဖောင်း အဖြစ် မမြင်စေချင်တာပါပဲ။

ဒီစကားလုံးရဲ့ အတိမ်အနက် တွေကို ကြည့်ရင်း ရွယ်တူသူငယ်ချင်းကျောင်းဆရာတစ်ယောက်ရဲ့  ကျောင်းဆရာယူနီဖောင်းအပေါ် တန်ဖိုးထားမှုကို ကျွန်တော်ချီးကျူးမိတာတော့အမှန်။ ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ တန်ဖိုးတက်တာပါတဲ့။ တန်ဖိုးမထားတော့ရင် ရှေးရှေးတုန်းက သတ်မှတ်ခဲ့တဲ့ ယူနီဖောင်း အရောင်အဓိပ္ပါယ် ဟာ ဆေးလွင့်သွားသလိုပါပဲ။ ယနေ့ အထိ အဖြူနှင့် အစိမ်း ဆင်မြန်းထားတဲ့ ဆရာ၊ဆရာမတွေရဲ့  ဝတ်စုံကကတော့ သူတို့ ထိန်းသိမ်းတဲ့ ဂုဏ်သိက္ခာကျက်သရေ ရနံ့  အပေါင်းနှင့်အပြိုင် မွှေးဆဲ လန်းဆဲ ။။။။။

မိညိုသို့ (ဝါဆို လွမ်းချင်း)

Wednesday, July 1, 2009

17 comments
ရပ်ရှစ်မျက်နှာပတ်လီ အုံ့ မှိုင်းမှိုင်းဖြစ်နေတတ်တဲ့ ဒီဝါဆိုခါသမယ... တစ်ချိန်တုန်းက ကြာပန်းကြာစွယ်ကို ချိုးပြီး လည်မှာ ဆွဲလို ပျော်နေတတ်တဲ့ မိညို..... ပျိုးထောင်ပျိုးကြဲ ထားကြပြီးလို့  စိမ်းစိမ်းလန်းလန်း ဖြစ်နေပြီး ဖြစ်တဲ့ လယ်ကွင်းပြင်ကြီးနားက လယ်တဲနဘေးမှာ ရွံ့ နှင့် လုပ်ထားတဲ့ အိုးပုတ်ကလေးတွေနှင့် ကစား နေတတ်တဲ့ မိညို… တစ်ခါတစ်လေ အမူအရာအပြည့်နှင့် တကြော်ကြော် အော်ဆိုကခုန်နေတတ်တဲ့ မိညို…သူမ ခဏခဏဆိုလို့  ကျွန်တော်တောင် လိုက်ဆိုမိတဲ့ ဆရာကြီး မင်းသုဝဏ်ရေးခဲ့တဲ့ ကလေးကဗျာ အပိုင်းအစ

“မိုးရေ တက်ရေ
တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။


နောက်ပြီး ရှိပါသေးတယ် မိညို… “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုတဲ့အတိုင်း မိုးတွေကြီးလို့  ကျောင်းသွားတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ ရေတွေလျှံတက်တဲ့အခါမှာဆို စက်ဘီးတွေတွန်းပြီး ရေထဲလျှောက်ရတာ ပျော်နေတတ်သေးတယ်မဟုတ်လား…မိုးကြမ်းကြမ်းတွေ ခြွေလို့  အပင်အောက်မှာ မြေခ နေရတဲ့ ခရေပွင့် လေးတွေ ကိုလည်း ဆရာမ အတွက်ဆိုပြီး ငါ့ကိုပါ ဝိုင်းကူ ကောက်ခိုင်း တတ်သေးတယ်။ နင်တို့ အိမ်မှာ ကြာရိုးကြာစွယ် နှင့် ပုစွန်ဟင်း ပူပူစပ်စပ်လေးချက်တဲ့နေ့ တွေဆိုရင် မိုးချမ်းချမ်းမှာ ချွေးပြန်အောင် ဝင်စား ခဲ့တာတွေလည်း ဘယ်မေ့လို့  ရမလဲဟာ။

လရာသီတွေ တစ်လှည့်ပြီး တစ်လှည့် ခစားဝင်ရောက်သလို ငါတို့ တွေလည်း တစ်နှစ်ပြီး တစ်နှစ် အသက်တွေ ကြီးလာခဲ့ပေမဲ့ ဒီလဝါဆို ရောက်ရင် နင်ရောငါရော ရွာကိုအလည်ပြန်ကြမြဲ။

ငါတို့ ရွာက ချောင်းနှင့် ဝေးတော့ တောင်ပေါ်ဘုရား အနီးအနားမှာ အလေ့ကျပွင့်နေတဲ့ ပန်းတွေကို ခူးပြီး ဘုရားမှာ ကပ်လို့  ဝါဆိုပန်းခူး အလေ့ကို နွှဲကြတယ်နော်။ ဆယ်တန်းအောင်ကာစ ငါတို့  ပထမဆုံး အတူတူ ဝါဆိုပန်းခူးထွက်တုန်းက သူငယ်ချင်းတွေစကြလို့  ရှက်သွေးဖြာနေတဲ့ နင့် မျက်နှာ နီနီလေးကိုကြည့်ပြီး ငါ လူပျိုစိတ် စဝင်ခဲ့ဖူးတယ် မိညို…

ဒီလရာသီမှာ ဘုန်းကြီးတွေ ကျောင်းမှာပဲ ဝါကပ်တဲ့ ကာလမို့ လို့  ဥပုသ်နေ့ တိုင်း ရွာထိပ် ဘုန်းကြီးကျောင်းမှာ တရားပွဲ အမြဲရှိတယ်။ တစ်ခါက ဘုန်းကြီးကျောင်းကနေ ငါတို့ အဘိုးကို လိုက်ပို့ ပြီး အပြန်မှာ နင်က နင့်အဘွား နှင့်အတူ ဆွမ်းချိုင့်လေး ဆွဲပြီး တရားနာသွားတော့ “သူတော်စင်မလေး” ဆိုပြီး ဆိုင်ကယ် ပေါ်ကနေ ငါ လှမ်းစတော့ “ငရဲကြီးမယ်နော် မစနဲ့ ” ဆိုပြီး လူကြီး ဂိုက်နဲ့  နင့်ပုံစံလေး ကလည်း အေးချမ်းလှတယ် မိညို…

“သံဃာတော်များ စိမ်းစိုတဲ့ မြက်ခင်းနှင့် ပိုးမွှား အစရှိတဲ့ သတ္တဝါတွေကို နင်းခြေမိမှာ ကြောက်လို့  မိုးတွင်း ကာလမှာ ဒေသစာရီ ကြွချီရင် ပါစိတ် အာပတ်သင့်၏ လို့ မြတ်စွာဘုရားက ဆုံးမ ခဲ့တာကို အကြောင်းပြုပြီး ဝါတွင်း သုံးလပတ်လုံး သံဃာတော်များ ကျောင်းဂန်မှာပဲ ဝါကပ်ပြီး ခရီးသွားခြင်းကို ရှောင်ကျဉ်ခဲ့တာ ယနေ့ အထိပဲ” ဟု စာသံပေသံနှင့် ငါ့ကို တရားအသိတွေ ပြောပြတိုင်း ပြုံးချင်ချင်ဖြစ်နေတတ်တဲ့ ငါ့မျက်နှာကို တွေ့ ပြီး စိတ်ဆိုးသွားတတ်သေးတယ်။ ငါက လှောင်တာမဟုတ်ဘူး သဘောကျလို့  ပြုံးသွားတာကို နားလည်ပါလေ မိညို…

ငါအလုပ်လုပ်တဲ့နေရာကနေ ပြတင်းပေါက်ကိုကျော်ပြီး လှမ်းကြည့်တော့ အခု မိုးတွေတဖွဲဖွဲရွာနေတယ် မိညို.. မိုးတွေ ရွာမှာပေါ့ ဝါတွင်း ရောက်ပြန်ပြီးလေဟာ။ အရင်တုန်းကလို နင့်ကို ကြာပန်းကြာစွယ် လည်ဆွဲလေးနှင့် မျက်စိထဲ ပြန်မြင်ယောင်မိတော့ မျက်နှာနုနုလေးကို လွမ်းမိသားဟာ။ ဝါဆိုပန်းခူးမှာ နင်တစ်ယောက်ထဲနှင့် ဝါးခြင်းထဲမှာ ခူးထားတဲ့ပန်းတွေ နည်းလို့  အားငယ်နေရော့မလား။ အဲဒီအခါကျရင် ပန်းအလုအယက် အတူတူ ခူးပေးဖူးတဲ့ ငါ့ကို သတိရပေးပါနော်။ ဘုန်းကြီးကျောင်းကနေ တရားနာပြီးလို့  ပြန်လာတိုင်း တစ်ဆင့်နားထောင်ပေးမဲ့သူ မရှိတဲ့ အခါမှာ “သူတော်စင်မလေး” လို့  စနောက်တတ်တဲ့ ပုရိသ တစ်ယောက် ကိုရော ဝါဆိုးမိုးနှင့်အတူ သတိရနေမှာလား။

မိုးတွေရွာလို့  မြန်မာပြည်အလွမ်းအနေနှင့် စိတ်ကူးယဉ်ရေးဖွဲ့ ထားခြင်းဖြစ်ပါတယ်။ ဒီနေရာအထိ ဖတ်ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်...

အပန်းဖြေရာ တစ်နေရာ

Tuesday, June 23, 2009

14 comments
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက အိမ်တွင်းအောင်းနေတာကြာပြီး ဖြစ်လို့  အပြင်လည်ထွက်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့ နေ ရာ ကတော့ Marina Barrage Building လေးပါ။ ထူးခြားချက်က အပေါ်ခေါင်မိုးပေါ်မှာ မြက်ပင်တွေ စိုက်ထားတယ်။ အဲဒီအပေါ်က နေပြီးတော့ စင်ကာပူမြို့ ရဲ့  Veiw တွေ ရှုနိုင်သလို စွန်လွတ်လို့ လည်းရပါတယ်။ အဲဒီနေရာကို Marina Bay Mrt ကနေ Shuttle Bus စီးပြီး သွားလို့  ရပါတယ်။ ည ကိုးနာရီအထိ ကား(အပြန်ဘက်) ရှိပါတယ်။နေရာတော့ နည်းနည်းကျဉ်းပေမဲ့ အထိုက် အလျောက်တော့ လာလည် တဲ့သူရှိပါတယ်။ ကျနော် လက်ဆော့ပြီး ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို သည်းခံပြီး ကြည့်ပေးကြပါအုံး (အပျော်တန်းရိုက်ထားတာမို့  အားနည်းချက်ရှိရင် ကြိုတောင်းပန်ပါတယ်)




Marina Barrage Building ရဲ့ အဝင်ဝ
ဝင်ပေါက်ကနေ ဘယ်ဘက်ချိုးရင် ရေပန်းတွေနှင့် ဆော့နေကြတာကို တွေ့ ရပါတယ်
ညာဘက်ချိုးရင်တော့ တီးဝိုင်းဖျော်ဖြေနေတာကို တွေ့ ရပါတယ်
ပင်လယ်ဘက် မျက်နှာမူထားတဲ့ စားသောက်ဆိုင်
တံတားလေးကနေ Marina Barrage Building ကိုမြင်ရတဲ့ပုံပါ
တံတားကနေ ပင်လယ်မြင်ကွင်း
တံတားကနေ မြင်ရတဲ့ ကောင်းကင်ပေါ်ပျံနေတဲ့ စွန်တွေ
Marina Barrage Building မြက်ခင်းပြင်(အပေါ်ဆုံးထပ်) မှာ စွန်လွတ်နေကြတဲ့သူများ-၁
Marina Barrage Building မြက်ခင်းပြင်(အပေါ်ဆုံးထပ်) မှာ စွန်လွတ်နေကြတဲ့သူများ-၂
Marina Barrage Building အတွက် လျှပ်စစ်ထုတ်ပေးတဲ့ Solar Park
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၁ (အတွင်းပိုင်းမြင်ကွင်း)
1960 တုန်းက ပုံ
1963 က ပုံ
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၂ (အတွင်းပိုင်းမြင်ကွင်း)
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၃ (အတွင်းပိုင်းမြင်ကွင်း)
ကျောက်နှင့်အလှဆင်ထားတဲ့ လမ်းလေး
အပြန်မှာ ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ

ကျွန်တော် နှင့် မိတ်ဆွေကောင်းများ

Wednesday, June 17, 2009

8 comments
ဟင်းအမယ်စုံတဲ့ ထမင်းဝိုင်း တစ်ဝိုင်းမှာ အရသာရှိတဲ့ ဟင်းခွက်ကြောင့် ခံတွင်းမြိန်စေတာမဟုတ်လား။ အဲဒီလိုပဲ လူအမျိုးမျိုး စိတ်အထွေထွေနှင့် ပတ်ဝန်းကျင်ထဲမှာ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေကြောင့် ဘဝဟာ ချိုမြိန်သာယာနိုင်စွမ်း ရှိကြမယ် ဆိုတာ ငြင်းလို့ မရဘူးထင်ပါတယ်။ ခင်မင်ခြင်း ဆိုတဲ့ စိတ္တဇနာမ်ကို လက်ဆုပ်လက်ကိုင် ပြလို့ မရပေမဲ့ စကားတစ်ခွန်း ၊ အပြုအမူ တစ်ချို့ တစ်လေတွေနှင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကိုတော့ အသိအမှတ်ပြုနိုင်ကြမှာပါ။

မိတ်ဆွေကောင်းတွေနဲ့ အတူရှိနေခြင်းက အထီးကျန်ဆန်မှုဆိုတဲ့ ဝေါဟာရနှင့် ကင်းကွာခွင့် ရရှိစေတာကိုတော့ ကျွန်တော် အမက်မောဆုံးပါပဲ။ ငယ်ငယ်ကတည်းက ကျွန်တော် အပေါင်းအဖော်မက်ပါတယ်။ ကျောင်းပိတ်ရက် တောင်မှ ဘောလုံးကန်၊ ရေကူး နှင့် သူငယ်ချင်းတွေနှင့်တရုံးရုံးရှိနေတတ်ပါတယ်။ ကျွန်တော် ကျောင်းမတက်နိုင်လို့ စာကူးပေးရမယ်ဆိုရင် သူငယ်ချင်းကောင်းပီသချင်တာနဲ့  အပြိုင်အဆိုင်စာကူးပေးချင်တဲ့ အပေါင်းအဖော်တွေကိုတွေးတိုင်း ကြည်နူးမိပြန်တယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေဆိုတာ နွေးထွေးမှု ကြည်နူးမှု ဆိုတဲ့ ရသတွေပြည့်လျှံနေတာပါပဲ။

ကိုယ်တိုင်ဖြေရှင်းရမဲ့အခက်အခဲနဲ့ ကြုံတိုင်း “စိတ်ဓါတ်မကျနဲ့  မင်းလုပ်နိုင်မှာပါ” စကားတစ်ခွန်းကို အမြဲနှစ်သိမ့် ပေးတတ်တဲ့ သူငယ်ချင်းတွေလည်း ကျွန်တော် အတိုင်းမသိ ကျေးဇူးတင်မိတယ်။သူတို့  ပေးတဲ့ စိတ်ဓါတ် ခွန်အားတွေ ကနေ စတင်မြစ်ဖျားခံပြီး ရင်ဆိုင်နိုင်ခဲ့တဲ့ ဘဝတိုက်ပွဲတွေလည်း အမှတ်ရစရာတွေပါ။ မိတ်ဆွေကောင်းတွေဆီကနေရရှိတဲ့ ရဲရင့်ခြင်း ၊ ယုံကြည်မှုတိုးတက်စေခြင်း ဆိုတဲ့ လက်ဆောင်ကလည်း အမြတ်တနိုးတန်ဖိုးထားစရာ ကောင်းလွန်းလှပြန်တယ်။

ကျွန်တော် မိုက်ရူးရဲဆန်ပြီး လမ်းမှားတွေလျှောက်မိတဲ့အခါတွေမှာ အမုန်းခံပြီး စိတ်ရှည်လက်ရှည်နှင့် လမ်းမှန်ရောက်အောင် ပြုပြင်ပေးတတ်သလို၊ အတ္တကြီးသလိုဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ချို့ မှာလည်း ချစ်သောမျက်စိဖြင့် ဝေဖန်ရှင်းပြရဲတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေဟာလည်း မရှိမဖြစ်ပါပဲ။ ပန်းတိုင် မယိမ်းယိုင်လျှောက်နိုင်ခဲ့တာ တူညီတဲ့ခြေလှမ်း၊ မနောချင်းနီးစပ်တဲ့ မိတ်ဆွေစစ်တွေကြောင့်ပါပဲ။

ကမ္ဘာ့ ရွာကြီးလို့ တင်စားထားတဲ့ ဒီခေတ်ကြီး ထဲမှာ ရည်မှန်းချက်တွေအတွက် ရေခြားမြေခြားမှာ ရှိနေကြပေမဲ့ အစိမ်းရောင် မီးသီးလေး ရဲ့ တစ်ဖက်ကနေ ရင်ဖွင့်တိုင်ပင်လို့  အကျိုး နှင့် အကြောင်း အတူတူခွဲခြားပြီး ဝမ်းနည်းခြင်း ဝမ်းသာခြင်း မျှဝေကြတဲ့ ထာဝရမိတ်သဟာတွေဟာလည်း ဆုလာဘ်ပါပဲ။ ဒီလို အရှိကို အရှိတိုင်း စိတ်ရင်း မှန်မှန်နှင့် ဆက်ဆံပေးတဲ့ မိတ်ဆွေတွေရဲ့  အခန်းဂဏ္ဌကလည်း အရေးပါလွန်းလှပြန်တယ်။

အပေါင်းအသင်းတွေနဲ့  တွေဆုံခွင့်ရတဲ့ အခိုက်အတန့် ဒီအချိန်လေးတွေဟာ တန်ဖိုးရှိလွန်းပါတယ်။ နှောင်းမှ သတိတရနှင့် တမ်းတနေခြင်းက မိုးပျံပူဖောင်း လက်ကနေ လွှတ်လိုက်သလိုမျိုး ပြန်ရဖို့ မလွယ်တော့ပါဘူး။ ဓူဝံကြယ် တစ်စင်းထဲ အဖော်မဲ့ပြီး ပိုတောက်ပနေတာထက် ခုနှစ်စင်ကြယ်လို အပေါင်းအဖော်တွေနဲ့  ရောင်ခြည်ဖြာလို့ အလင်းဆောင်နေတာကိုတော့ ပိုနှစ်ခြိုက်မိတာအမှန်ပါပဲ။

မိတ်ဆွေသူငယ်ချင်းနှင့် ပတ်သက်ပြီး တဂ်ထားတဲ့ ညီမလေးဇော် ရေ ကျေနပ်ပေးပါနော်။ ဒီတဂ်ပိုစ့်လေးကို ဆက်တဂ်ချင်ပေမဲ့လည်း တော်တော်များများရေးပြီးကြနေပြီး။ လူမှုကျင့်ဝတ်မှာပါတဲ့ မိတ်ဆွေကျင့်ဝတ်လေး ကို ကျွန်တော်အခု ပြန်ဖတ်ကြည့်ရင်း ချရေးကြည့်မိပါတော့တယ်။

ပေးကမ်း ချီးမြှင့် ၊ ကိုယ်နှင့် ယှဉ်ထား
စီးပွားဆောင်ရွက် ၊ နှုတ်မြွတ် ချိုသာ
သစ္စာ မှန်စေ ၊ ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ

သူ နှင့် အတူ

Thursday, June 11, 2009

13 comments


အပေါ်ယံ အရောင်တွေ အဆင်တွေက ရာသီဥတု အပြောင်းအလဲကြောင့် သူ့  ကို လူတွေ ပြောင်းလဲပြစ် ခဲ့ကြသလိုမျိုး သူ့ ရဲ့ အတွင်းသဘောကို ကျတော့ အသက်အရွယ် အပိုင်းအခြား နှင့် အခြေအနေ တွေက ပြောင်းလဲ လိုက်ကြတယ်။ ပြောင်းလဲမှုနှင့်အတူ လေးနက်ခြင်းတွေ ပါဝင်လာတဲ့ သူ့ ကို ကျွန်တော် တစ်ခါတစ်လေ ပြစ်ချချင် ခဲ့သလို တစ်ခါတစ်လေတော့လည်း မက်မက်မောမော တွယ်တာနေမိခဲ့တော့တယ်။


ငယ်ရွယ်စဉ် ကလေးဘဝတုန်းက သူဟာ ရည်မှန်းချက်တွေ ထုတ်ပိုးသယ်ဆောင်ပေးလို့  ကျွန်တော်နှင့် အတူတူရင်ဆိုင်ဖြတ်သန်း ပေးခဲ့ဖူးတယ်။ လမ်းညွှန်ပြသပေးမဲ့ ဆရာဆရာမ၊ နွေးထွေးတဲ့ မိဘအသိုက်အမြုံ ၊ မြူးထူးခုန်ပေါက်ဖော် ချစ်စရာသူငယ်ချင်းလေးတွေကြောင့် လျှောက်ခဲ့ရတဲ့ အဖြူအစိမ်း ဘဝ လေး ဟာ အရာရာမက်မောစရာတွေနှင့် ဖြူစင်ရိုးသားစွာ သူနှင့်အတူ ကုန်လွန်ပြီးမြောက်ခဲ့တယ်။ ရည်မှန်းချက်ရဲ့ ဆုံမှတ် ဝါသနာပါရာ လမ်းစအထိ သူလိုက်ပါပို့ ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူနဲ့  အခိုက်အတန့် လေး ဝေးကွာခဲ့တယ်။


နောက်တော့ ယုံကြည်မှု ခပ်ပါးပါးလေးထုပ်ပိုးပြီး ထည်ဝါခံ့ညားတဲ့ ကျောင်းပရဝဏ်ထဲကို ခြေချပြန်တော့လည်း သူဟာ အဆင်တစ်မျိုးနှင့် ကျွန်တော်နဲ့ အတူ မခွဲမခွာရှိနေခဲ့ပြန်တယ်။ လက်တွေ့ အသက်မွေးပညာရပ်တွေနှင့် ကျယ်ပြန့် လှတဲ့ လူမှုဆက်ဆံရေးပညာရပ်တွေကို ပေးဝေတဲ့ တက္ကသီလာမှာ ပညာနှင့်စိတ်အဟာရ သောက်သုံးခဲ့တဲ့အချိန်တွေရော သူကအနားမှာပါပဲ။ချစ်ခြင်းများနှင့်သီတဲ့ကဗျာတွေ ကိန္ဒရီ ကိန္ဒရာအလွမ်းတွေ ခြွေခဲ့တဲ့ ကဗျာစာအုပ်လေးတွေရဲ့  နင့်နင့်နဲနဲ အလွမ်းထုကြီးကိုလည်း သူက မငြိုမငြင်သယ်ခဲ့ပေးတယ်လေ။ အဲဒီတုန်းကဆိုရင် ကျွန်တော်ပျော်သလိုပဲ သူလည်း လန်းဆန်းပေါ့ပါးစွာနှင့် လေမှာလွင့်နေမှာပါပဲ။


ဒီလိုနှင့် နာရီလက်တံ ပြောင်းလဲကုန်ဆုံးသွားတာနှင့်အတူ အပြောင်းအလဲ ကိုရင်ဆိုင်ကြဖို့ ကျွန်တော်အပါအဝင် သူလည်းပါလာခဲ့ပြန်တယ်။ အခုဆိုရင် အလုပ် တာဝန်တွေ နေရာယူလို့  သူလည်း လေးလံနေလောက်ပြီး။ အရင်ကလို ပေါ့ပေါ့ပါးပါးအရာတွေ သယ်ဆောင်ပေးခဲ့သလိုမျိုး မသွက်လက်တော့ဘူးထင်ပါတယ်။ တစ်ခါတစ်လေ သူ့ ညည်းသံသဲ့သဲ့တောင်ကြားမိသေးတယ်။ ဒါက “လူ့ ဘဝ ဝင်ကာစ တံခါးပေါက်ပဲ ရှိသေးတယ်”လို့ ကျွန်တော်က ခပ်တိုးတိုး အားပေးမိတယ်။ ကျွန်တော်ကရော မိဘအေးရိပ်မြုံနဲ့  ဝေးကွာ ၊ တိုင်ပင်ဖော်သူငယ်ချင်းတွေမဲ့တဲ့ ဒီနေရာမှာ အားငယ်နေလို့  ဖြစ်ပါ့မလား။ အရှုံးတွေကို လက်ကမ်းဖို့ မှ ကျွန်တော်က သတ္တိ မရှိဘူးဆိုရင် ၊ လာမဲ့မနက်ဖြန်တွေမှာ မျှော်လင့်ခြင်းနဲ့ ထုဆစ်မဲ့ ကျွန်တော့်မူပိုင် အိမ်လေးရုပ်လုံးပေါ်ဖို့ ဆိုရင် သူ ဆိုတဲ့ ပခုံးထက်မှာ အမြဲနေရာယူခဲ့တဲ့ အဖော်မွန်လွယ်အိတ်လေး ကိုလွယ် ကျွန်တော် တိုက်ပွဲဝင်ဆင်နွှဲရအုံးမယ်။

အိုးမိုင် ဂရမ်းမား.......အိုးမိုင် ဂရမ်းဖား တို့ 

Tuesday, June 2, 2009

13 comments
(ပုံကို www.google.com မှ ရရှိသည်။)

ပတ်ဝန်းကျင်မှာ “ငါ မြေးချီချင်နေပါပြီးတော်” ဆိုတဲ့ အဘွားအိုတို့ ရဲ့ ပူဆာသံ၊ “ဂိုး…...ဂိုး” ဆိုပြီး မြေးနှင့်အတူ ဆော့နေတတ်တဲ့ အဘိုးအိုတွေရဲ့ ပျော်ရွှင်ဖွယ်မြင်ကွင်းလေးတွေကို ကြားရမြင်ရတိုင်းကျွန်တော်ရဲ့  “ဂရမ်းမား ဂရမ်းဖား” တို့ ကို သတိရမိတယ်။ ကျွန်တော်က မြေးဦး ဆိုတော့ သူတို့ ရဲ့  အချစ်ကို တစ်ပြုံကြီး ရခဲ့သလို ကျွန်တော်ကလည်း သူတို့  ကို သံယောဇဉ် ကြီးပါတယ်။ “သားအချစ် မြေးအနှစ်”တဲ့ မဟုတ်ဘူး လား။ ငယ်ငယ်တုန်းက သူတို့ နှင့် လက်ပွန်းတတီးနေလာခဲ့တော့ သူတို့ ရဲ့ ပုံရိပ်တွေ မျက်စိထဲ တဖြတ်ဖြတ် မြင်ယောင်မိတယ်။

(၁)ဘိုးစီ
ကျွန်တော်ရဲ့  အမေ ဘက်က အဘိုးစီ အကြောင်း အရင်ပြောပြမယ် ။ သူက ကြုံတိုင်းရွာက သူကြီးဘစီတော့ မဟုတ်ဘူး ။ ဒါပေမဲ့ သူ့ ခေတ်တုန်းက “အုတ်ကထ” ပေါ့ ။ နောက်ပြီး အဘိုးက ဘုန်းကြီးကျောင်းဆင်း ပီပီ သားသမီး မြေးတွေ စုပြီး ဆုံတိုင်း ဆုံးမစကားတရားဟောလေ့ရှိတရ်။ တရားတော့ အဟောကောင်း အပြောကောင်းပဲဗျို့ ။ နောက်မှ အဖွားဆီသိရတာက အဘိုးက တရားကြီးပဲ ဟောလို့ ကောင်းတာ မဟုတ်ဘူးတဲ့။ သူလူပျိုတုန်းက အပြောကောင်းတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်တယ်တဲ့လေ။ ဝမ်းနည်းဖို့ ကောင်းလေစွ။ ကျွန်တော့် အဖိုးခြေရာ နည်းနည်းမှ မလိုက်မှီခဲ့ဘူး။ ဟွန်း :)
အဘိုးက မြေးတွေနှင့် အချိန်တော်တော်များများ ရှိနေတတ်တယ်။ ဘုန်းကြီးကျောင်း သွားမယ် ဆိုရင်တောင်မှ အိမ်က ရွာပါကျဲရိုး(ခ)ထော်လာဂျီလေးကို ထုတ်ပြီး သားသမီးမြေးတွေနှင့် အတူချီတက်တာ။ ကျွန်တော် ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်း သွားရင် မောင်နှမတွေနှင့် ထမင်းဟင်း လက်ဆုံစားပြီးဆော့ရလို့ ပျော်ခဲ့သလို အဘိုးခေါ်လို့  တရားနာရတာကြောင့် ဘာသာရေးအသိနှင့် ရင်းနှီးခဲ့တယ်။ နောက်ပြီး အဘိုးက လယ်ယာခြံမြေ ကိုယ်တိုင်ပါရမှ ကျေနပ်တော့ လယ်ထဲ ခြံထဲ အခုထိ ဆင်းတုန်း ပဲဗျ ။ အားလုံးက ဝိုင်းတားပေမဲ့ စက်ဘီး တစ်စီးနှင့် ခိုးခိုးထွက်တာ။ အခုတောင် သူက ဆိုင်ကယ်သင်ပေးပါ တဲ့ လေ။ နောက်မှသိတာက သူ့ သူငယ်ချင်း အဖိုးကြီးတစ်ယောက်ကို အားကျလို့ တဲ့။ မျက်စိလည်း သိပ်မကောင်းတော့ဘူး အဲဒါတောင်သူက ။ လူကြီးတွေ ဆိုးရင်တော့ ဘယ်ပြောလို့  ရမလဲနော် :)

(၂)ဖွားထားခင်
အဘွားက ရိုးရိုးအေးအေးလေးနှင့် ချစ်ဖို့ အရမ်းကောင်းတယ်ဗျ။ ငယ်ငယ်တုန်းက အိမ်မှာ အဖေ ရိုက်ရင် အဖွားဆီ ပြေးတယ်။ အမေဆူရင်လည်း အဖွားဆီရောက်တယ်။ အဖွားပေါင်ပေါ် အိပ်ပြီး ကျွန်တော်ငိုငိုပြောတဲ့ စကားကို ပြုံးပြီး နားထောင်တတ်တရ်။ အဲဒီတုန်းက အဖွားဟာ ကျွန်တော်ရဲ့  သူရဲကောင်းကြီးပေါ့။ ပြောရမယ်ဆိုရင် အဖွားက နည်းနည်းတော့ ကပ်စီးနည်းတာလား စည်းစနစ်ကျတာလားတော့ မသိဘူး။သူက “အိမ်နောက်မှာ ဈေးဆိုင်တည်” စကားအတိုင်းပဲ အိမ်နောက် မြေကွက်လပ်မှာ စိုက်ထားပျိုးထားတဲ့ သစ်သီး ဝလံတွေ ဟင်းသီးဟင်းရွှက်တွေနှင့်တင် ဈေးထဲကိုသွားစရာမလိုတော့ဘူး။ အဲဒီမှာ တစ်နေ့  လုံးတကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတတ်တယ်။ ကျွန်တော်လည်း အဖွားဆီသွားရင်း ကူရင်းနဲ့  စိုက်ပျိုးရေးလုပ်တာ ဝါသနာ ပါလာတော့တယ်။

(၃)ဖိုးလုံး
ကျွန်တော့် အဖေ ဘက်က အဖိုးပေါ့။ သူက စိတ်က ခပ်တိုတိုရယ်။ လူပျိုတုန်းကဆိုရင် ဘယ်မှာရန်ပွဲဖြစ်လဲ သွားမမေးနဲ့  သူ ပါတယ်တဲ့။ သူ့ အမျိုးတွေထိရင် သူက တုတ်ဆွဲ ဓါးဆွဲတဲ့အထိ ဆိုးတယ်တဲ့လေ။ အိမ်ထောင် ကျတော့မှ အဖွား ထိန်းနိုင်လို့  ခြေငြိမ်သွားတယ်လို့ ပြောတာပဲ :):) ကျွန်တော်တစ်ခါ အပြင်မှာရန်ဖြစ်တော့ ကြီးတော်အပျိုကြီးက “ဘမျိုး ဘိုးတူ” တဲ့။ အဲဒါ အဘိုးကြားတော့ “ငါ့မြေးပဲ ငါနဲ့ တူမှာပေါ့”တဲ့။ ဟီး အဲလို အားပေးတာ။
ငယ်ငယ်တုန်းက အဖိုးလုံး စိတ်ကောင်းဝင်တဲ့ အချိန်ဆိုရင် ကျွန်တော့်ကို ဘယ်သွားသွား ချီပိုးပြီး ခေါ်သွားတတ်တရ်။ မုန့် စားရတော့ ဖိုးလုံးနားမှာပဲ ကပ်နေတာပေါ့။ ဒါကို သူက ကြွားသေးတရ်။ “င့ါမြေးက ငါ့ကို
တော်တော်ချစ်တာတဲ့”။ အဟတ်

(၄)ဖွားချစ်စိန်
အဖွားကတော့ ကျွန်တော် ကလေးဘဝကတည်းက ဆုံးသွားပါပြီး။ အဖွားက ကျောင်းဆရာမဆိုတော့ အရမ်း စည်းကမ်းကြီးတယ်တဲ့။ အိမ်မှာ ထမင်းစားရင် ဟင်းကသူ့ ခွဲတမ်းနှင့်သူ ပဲ ။ ကုန်သွားရင် မရတော့ဘူး။ ဝန်ထမ်းဆိုတော့လည်း ရတဲ့လစာနဲ့ ချွေတာ တာလည်း ဖြစ်မယ်ထင်တယ်။ အဲဒါကို အခုထိ ကျင့်သုံးနေတာက ကြီးတော်အပျိုကြီးဆရာမတွေပေါ့။

“အိုးမိုင် ဂရမ်းမား…အိုးမိုင် ဂရမ်းဖား တို့ ” အကြောင်းကို မပြင်မှာမပြောဖြစ်သမျှ ဘလော့မှာ ရေးလိုက်ပြီး။ တကယ်လို့  ကျွန်တော်ရဲ့ ဂရမ်းမား တို့ ဂရမ်းဖားတို့  ဘလော့ကင်းလုပ်လို့ တွေ့ သွားရင် ဒီတဂ်ပိုစ့်လေးကို တဂ်တဲ့ အမ မြရေလျဉ် ပဲနော်။ :) :) :)

လူတိုင်း နေဝင်ခါနီးအချိန်ဆိုတဲ့ အရွယ်ကို တစ်နေ့ တော့ရောက်ကြမှာပါပဲ။ အဲဒီအခါကျရင် ကိုယ့်မြေးလေး တွေနဲ့  စကားတွေ ပြောရင်း အထီးကျန်ချိန်ကလေးကို ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ် ချင်ကြမှာပါ။ ဒါမှမဟုတ်ဘူး ဆိုရင် မြေးလေးတွေရဲ့  အကူအညီနဲ့ ဘုရားသွားကျောင်းတက် ချင်ကြ မှာပါပဲ။ အဲဒီတော့ ကျွန်တော်တို့ လည်း မိဘတွေလိုပဲ သူတို့ ကို ဖေးမစောင့်ရှောက်ကြစို့ နော်။

တဂ်ပိုစ့်ဆိုတဲ့အတိုင်း လက်ဆင့်ကမ်းရမဲ့ တာဝန်လေးရှိပြန်လေတော့ အပျိုကြီးမမဘကြီးတော် ညီဇော် နှင့်နွေးနေခြည် တို့ ရေ................

တံတားပေါ်က မြစ်တစ်စင်း

Tuesday, May 26, 2009

8 comments



ပုံလေးကြည့်ပြီး တမူထူးနေတဲ့ တံတားလေးတစ်စင်းကိုတွေ့ ရမှာပါ။ တံတားပေါ်မှာ မြစ်ငယ်လေးဖေါက်ပြီး

သဘောင်္လေးတွေ သွားလာနေကြတာ ကြံကြံဖန်ဖန်ထူးထူးဆန်းဆန်းရယ်ပါ။

အဲဒီတံတားကတော့ ဂျာမနီနိုင်ငံက ရေတံတားလေးပါ။ ဒီတံတား လေးကို 1997-2003 အထိ ခြောက်နှစ်

တာ တည်ဆောက်ခဲ့ရပါတယ်။ ယူရို 500 မီလီယံ သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။ အရှေ့ ဂျာမနီ နှင့် အနောက်

ဂျာမနီ ကြားမှာ ရှိတဲ့ Elbe မြစ်ကို ဖြတ်ပြီး တည်ဆောက်ထားပါတရ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ နားမှာရှိတဲ့ Magdeburg မြို့ မှာရှိတာပါ။ ဒီတံတားဟာ ကုန်းပေါ်မှာ 690 m နှင့် ရေ

ပေါ်မှာ 228 m ရှိပါတယ်။ အကျယ်ကတော့ 34 m ရှိပါတယ်။

ဒီတံတားလေးကို သိဖူးခဲ့ပြီးရင်တော့ ဆော်ရီးနော်။ ကျွန်တော်လည်း ဆားချက်တယ်လို့ ပဲ ဆိုပါရစေတော့။။

ဆင်ကြယ် သက်သေတည်

Friday, May 22, 2009

12 comments


ဆယ်တန်းဖြေပြီး ရန်ကုန်မှာသင်တန်းတက်တုန်းက ခင်တဲ့သူငယ်ချင်း အဆွယ်ကောင်း

တာနဲ့  လှည်းကူး ကို သွားလည်ဖြစ်ပုံပါ။ လှည်းကူးကို မရောက်ဖူးတော့ တစ်လမ်းလုံး

ဟိုကြည့်ဒီကြည့်နဲ့ တစ်လမ်းလုံး မတ်တတ်လေးရပ်ပြီး လိုင်းကားလေး တွယ်စီးလို့ ပေါ့။။။

“မရောက်သေးဘူးလားကွာ” ကျွန်တော်မေးတိုင်း“ရောက်တော့မှာပါကွ”ဆိုပြီး သူငယ်ချင်း

ပြန်ဖြေတာလည်း အခွန်းပေါင်းမနည်းတော့ဘူး။။။ အဲဒီလိုနဲ့ ကျွန်တော်မေးတဲ့ အခွန်းတစ်

ထောင်ပြည့်ခါနီးမှာ လှည်းကူးဂိတ်ဆုံးကို ရောက်ပါတော့တယ်။ ကားလေးရပ်တာနဲ့  လူ

အုပ်ကြားတိုးပြီး ဆင်းတော့ ဖိနပ်လေးတစ်ဖက် ဘယ်သူနင်းလိုက်သလဲ မသိဘူး တိကနဲ

ပြတ်သွားပါ လေရောပဲဗျာ။။။။ အဲဒီမှာ စပြီး ကံဆိုးတာပဲ အဟင့်း) သူငယ်ချင်းက ဖိနပ်အ

သစ်ဝယ်ဖို့  အနီးအနားမှာ ဖိနပ်ဆိုင် ရှာကြည့်တော့ မတွေ့ တာ နဲ့  “မိုးချုပ်နေပြီးကွာ

မနက်ဖြန်ကျမှပဲ ရှာဝယ်ကြတာပေါ့။” “အိုကေပေါ့ ကိုယ့်ကို ဘယ်သူမှ သိတာလည်း

မဟုတ် ရှက်စရာမရှိ” ဆိုပြီး ဖိနပ်မပါဘဲနဲ့  လှည်းကူးထဲကရပ်ကွက်တစ်ခုထဲကို ခြေဖလာ

နှင့် ဒိုးခဲ့တာပေါ့။ လမ်းမှာ သတိထားမိတဲ့သူက ပြုံးသွားကြတယ် တစ်ချို့ ကြတော့ ဟဲဟဲ

ဆိုပြီး လုပ်သွားတယ်။ ကိုယ်က တော့ ခပ်တည်တည်ပါပဲ နဂိုကတည်းက ရှက်ကြောဖြတ်

ထားပြီးသား(အဟွတ်)


ဒီလိုနဲ သူငယ်ချင်းအမျိုးအိမ်ရောက်တော့ ဖိနပ်မပါနဲ့ ရောက်လာတဲ့ ကျွန်တော့်ကို အထူး

အဆန်း သတ္တဝါအလား ဝိုင်းကြည့်ကြတော့မှ ရှက်ကြောပြန်ဆက်သွားတယ် ထင်ပါရဲ့ ။

“အဟဲ ဒါက ဒီလိုရှိပါတယ်။ ကားပေါ်က အဆင်း မှာ သူများတက်နင်းသွားလို့ ပါဗျာ”

ဆိုပြီး ပြုံးဖြီးဖြီးခဲ့တာပေါ့။ စိတ်ကောင်းပုံရတဲ့ အမေကြီး(အဖွားကို အမေကြီး လို့  သူငယ်

ချင်းကခေါ်လို့ )က တစ်လောက အဖေကြီးအတွက် ဝယ်ထားတဲ့ ဆင်ကြယ်တံဆိပ်ရာ

ဘာဖိနပ်တစ်ရံရှိတယ်။။။ အဲဒါ လေး လောလောဆယ်စီးထားလိုက်ပါဆိုတော့ ငြင်းလို

့လည်းမကောင်း ငြင်းပြန်ရင်လည်း စီးစရာမရှိဆိုတော့ လက်ခံလိုက်တာပေါ့။။။

(သူများအိမ်သွားလည်တာ အဲဒီလို ပြသနာပေးတာ……)


ဖိနပ်ပြသနာအေးသွားတော့ ရေမိုးချိုးပြီး ထမင်းစားကြတယ်။အဝေးကြီး ကားတွယ်စီးလာ

တာလေး ခရီးပန်းတာလေးကို အကြောင်းပြပြီး ထမင်းတီးလိုက်တာ နှစ်ပန်းကန်မောက်

မောက် က ခဏလေးပဲ။။။ (အဲဒီလို ဧည့်သည်မျိုး )


ခဏနေကျတော့ အမေကြီးက “ဒီညလှည်းကူးလမ်းမကြီးမှာ စတိတ်ရှိုးရှိတယ် သွားကြည့်

ကြအုံး” …..သူငယ်ချင်းက “ဘယ်လိုလဲ” ဆိုပြီး ကျွန်တော့်ကို မေးတော့ နဂိုကတည်းက

ငြိမ်ငြိမ်မနေတတ်တဲ့ကောင်မဟုတ်လား “အိုကေ ဂိုးတာပေါ့” ဆင်ကြယ်ဖိနပ်လေးစီးပြီး

နှစ်ယောက်သား လမ်းထိပ်ထွက်လာခဲ့တယ်။ လမ်းမပေါ်ထွက်တော့မှပဲ စတိတ်ရှိုးကို သွား

နေကြတဲ့ စက်ဘီးတွေ ဆိုင်ကယ်တွေ ထော်လဂျီတွေ အပြည့်။ ထော်လဂျီ လာရင် ဟွန်းတီး

စရာမလိုပဲ အဝေးကတည်းက “ထွတ် ထွတ်…ထွတ်” အသံကြားကတည်းက လူကဘေးယာ

ရှဲနေပြီးသား။ ဆိုင်ကယ် စက်ဘီးတွေကလည်း လမ်းသေးသေးထဲမှာပဲ ထောလာဂျီကို မရမ

က ကျော်ခွနေကြသေးတယ် (စူပါမင်းကွ)


ဒီလိုနဲ့ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နှင့် စတိတ်ရှိုးရောက်သွားပါရောလား။ ရောက်တော့

့ စတိတ်ရှိုးက စနေပြီး။ စတိတ်ရှိုးစင်နှစ်ဖက်မှာ ခုန်ဆွ ခုန်ဆွ နဲ့ ဆိုတော့ အခုမှ ရောက်တဲ့

ကျွန်တော်တို့  ဘယ်မြင်ပါ့မလဲ။ အဲဒီတော့ လွတ်တဲ့ နေရာလေး ဝင်တိုးအုံးမလေ ဆိုပြီးတော့

“ဟိုဖက် တိုးလိုက် ဒီဖက် တိုးလိုက် တိုးရင်းနဲ့ ကလိုက်” လုပ်ရင်းနဲ့  သူငယ်ချင်းနှင့် ကျွန်တော

လူကွဲသွားပါလေရာ။။။ကျွန်တော့်ခဗျာ ရွာပတ်ပြီး ။ ပြန်ရမဲ့ လမ်းလည်း မှုန်ဝါးဝါး သိပ်မမှတ်မိ။

သူငယ်ချင်းကို ရှာမှ ဖြစ်မယ်လေ ဆိုတော့ လူအုပ်ကိုကြည့်လိုက်တော့ များလိုက်တဲ့ ပွဲဈေး

လှည့်တဲ့လူတွေရယ် ခုန်ဆွခုန်ဆွကနေကြသူတွေရယ် ကို ကြည့်ပြီး မျက်ရည်တောင် ကတောက်

ကတောက် ကျချင်တယ်။ နာရီကြည့်လိုက်တော့ တစ်ချက် ထိုးနေပြီး။ အိမ်ကို မှန်းပြီး ပြန်တာပဲ

ကောင်းပါတယ်လေ။ လပြည့်ညမို့ လို့ တော်သေးတယ်။ လမ်းမှာ တစ်ယောက်စ နှစ်ယောက်စ

တွေ့ တော့လည်း မူးပြီး လဲနေသူတွေချည်းပဲ။ တဖြည်းဖြည်း စတိတ်ရှိုးနဲ့ ဝေးလာတာနဲ့  တဖြည်း

ဖြည်းတိတ်ဆိတ်လာတယ်။ လရောင်အောက်မှာ အိမ်မည်းမည်းကြီးတွေက ချောက်ချောက်ခြားခြား။

ဒီအချိန်မှ အိမ်မှားပြီး အော်ခေါ်မိရင်လည်း ဝိုင်းဆဲကြမှာအမှန်ပဲ။ ပြန်စဉ်းစားစမ်းဆိုတော့ ထွက်လာ

တုန်းက ခြံဝမှာ သရက်ပင်ကို မှတ်မိသွားတယ်။ ဒီလိုနဲ့ အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် ကြည့်ရင်း

ခြံဝမှာ သရက်ပင်နဲ့ အိမ်ကို တွေ့ တော့ ဝမ်းသာ(နည်း)ပက်လက်နှင့် လူက နုံးနေပြီး(အဟူး)


“ဒေါက် ဒေါက်”

“ဒေါက် ဒေါက်”

“ဘယ်သူလဲ”

“ကျွန်တော် ညီဇော်နဲ့  ပါလာတဲ့ သူငယ်ချင်းပါ”

“ညီဇော်ရော”

“ညီဇော် နဲ့  လူစုကွဲသွားတာ”

“ဟုတ်ပါ့မလား ညီဇော် နှင့် သူ့ သူငယ်ချင်း အတူတူသွားတာလေ”ဆိုပြီး တိတ်ဆိတ်သွားသည်။

အချိန်မတော်ဆိုတော့ အမေကြီးလည်း တံခါးဖွင့်ဖို့ ချီတုန်ချတုန်ဖြစ်နေပုံပင်။

“ဟုတ်ပါတယ် အမေကြီးရာ”(သနားစဖွယ်သော အသံနှင့်)

စဉ်းစားစမ်း စဉ်းစားစမ်း ဘယ်လိုလုပ်ယုံအောင် လုပ်ရမှာပါလိမ့်

“သြော် အမေကြီး ကန်တော့နော် တကယ်ကန်တော့နော်

အမေကြီး ယုံအောင် “ဒီမှာ ဆင်ကြယ်ဖိနပ်” ဆိုပြီး တံခါးအောက်မှာ ထိုးထဲ့လိုက်တယ်”

အဲဒါမှပဲ တံခါးဖွင့်ပေးတော့တယ်။(ဟူးးးးးးးးအခုမှပဲ သက်ပြင်းလေးချလိုက် တော့တယ်)


အမေကြီးငယ်ငယ်တုန်းက ညအချိန်မတော် သူတို့ အိမ် ဓါးပြတိုက်ခံရဖူးတော့ စိတ်စွဲနေကြောင်းကို

နောက်မှ သူငယ်ချင်းကနေတဆင့်သိခဲ့ရတယ်။ သြော် ဆင်ကြယ်ဖိနပ် သက်သေရှိလို့ ပဲ အပြင်မှာ မိုး

မလင်းခဲ့ရတာ။။။။

ဒီပိုစ့်လေးရေးတော့သူငယ်ချင်းညီဇော်နှင့်အမေကြီးကိုသတိတရမိပါသည်။။။

အားလုံးအတွက် ကော်ဖီ

Friday, May 15, 2009

8 comments


သူငယ်ချင်းတစ်စု…တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလတုန်းက တက္ကသိုလ်မြေမှာ

အတူတူကျောင်းတက်ဖော်တွေ။ အခု သူတို့  အားလုံးရဲ့ တက္ကသိုလ်ဆရာဟောင်းတစ်ယောက်ဖြစ်သူ

ဆရာမြကို ကန်တော့ဖို့  အချိန်းအချက် လုပ်ပြီး ချီတက် လာကြပါတော့တရ်။ ဆရာမြက တပည့်

ဟောင်းတွေကို ဝမ်းသာအားရဆီးကြိုပြီး အလာပသလာပတွေပြောကြတာပေါ့။ တပည့်တွေက သူတို့ 

အလုပ်အကိုင်အခြေအနေ အဆိုးအကောင်းတွေ စီကာပတ်ကုံး ရင်ဖွင့်နေကြရဲ့ ။ အများဆုံးပြောဖြစ်

ကြတာကတော့ ဘဝ နှင့် အလုပ် က ရလာတဲ့ Stress တွေအကြောင်းပေါ့။။။

ခဏနေကြတော့ ဧည့်ခံတဲ့အနေနဲ ဆရာမြက မီးဖိုချောင်ထဲ ဝင်သွားပြီး ကော်ဖီအိုးလေး နှင့် ခွက်က

လေးတွေ ယူလာ ခဲ့တယ်။ အဲဒီမှာ တချို့ ခွက်ကလေးတွေက တန်ဖိုးကြီးကြွေခွက်ကလေးတွေ တစ်ချို့ 

ကျတော့ ပလတ်စတစ်ခွက်ကလေးတွေ တစ်ချို့ ကျတော့ ဖန်ခွက်ကလေးတွေပေါ့။ ဆရာမြက သူ

့တပည့်တွေကို “ကော်ဖီ ထည့်သောက်ကြအုံး” လို့ ဆိုလိုက်တယ်။

သိပ်မကြာခင်မှာပဲ အားလုံးတစ်ယောက်တစ်ခွက်စီ နှင့် ကော်ဖီသောက်လို့ ပေါ့။ ဆရာမြက သူတပည့်

လေးတွေကို ကြည့်ပြီး “အားလုံးကော်ဖီသောက်တာ အကောင်းစားခွက်ကလေးတွေကိုပဲ ရွေးထားကြ

ပါလား။ ပလစ်စတစ်ခွက် ဖန်ခွက်တွေကို ချန်ထားခဲ့ကြ တယ်ပေါ့။ အားလုံးက အကောင်းစားတွေကို

သဘောခွေ့ တာ ကြောင့်ပဲ Stress တွေ ပြသနာတွေ ကို မွေးဖွားစေတာ” လို့ ဆိုလိုက်တယ်။

တပည့်တွေကလည်း ဆရာမြ ပြောတာ သိပ်နားမလည်ဘဲ ပြူးပဲပြူးကြည့်နေတယ်။ ဆရာမြကလည်း

ချောင်းတစ်ချက်ဟန့် ပြီး စကားကိုပြန်ဆက်တယ်.. “ဒီခွက်ကလေးတွေကြောင့် ကော်ဖီအရသာ

မပြောင်းလဲဘူးဆိုတာ သိကြတာပဲ။ အားလုံးတကယ်လိုအပ်တာက ကော်ဖီ၊ ခွက်မှ မဟုတ်တာ။ ဒါပေမဲ့

အကောင်းဆုံး ခွက်ကလေး တွေနဲ့ မှ သောက်ချင်တာ လူ့ မနောလေ။ နောက်ပြီး ဘယ်သူ ဘာခွက်နဲ့ 

သောက်နေကြတာလဲ အချင်းချင်း အကဲခတ်ကြသေးတယ်”

ဆိုပါစို့  ဘဝဆိုတာ ကော်ဖီဆိုရင် အလုပ်အကိုင် ၊ ငွေ ၊ တိုက် နှင့် တန်ဖိုးကြီးပစ္စည်းတွေ အားလုံးဟာ

ခွက်ကလေးတွေပါ။ ဘဝထဲမှာ ခွက်ကလေးတွေနဲ့ တူတဲ့ ဒီပစ္စည်းတွေကြောင့် ကျွန်ုပ်တို့ ဘဝရဲ့  အနှစ်

သာရ ကို မပြောင်း လဲနိုင်ပါဘူး။ တစ်ချို့  လူတွေ ကြတော့ တန်ဖိုးကြီးခွက်လှလှလေးတွေ ရှာရင်းနှင့်ပဲ

ရလေ လိုလေ အိုတစ္ဆေ္တ ဖြစ်ပြီး Stress တွေပဲပိုပိုများလာတယ်မဟုတ်လား။ ဘုရားက အားလုံးကို တန်း

တူရည်တူ ဘဝရဲ့ အနှစ်သာရ ကိုပေးထားကြတာပဲ။ အရောင်စုံကွဲပြားနေတဲ့ ခွက်ကလေးတွေမှ မဟုတ်

တာ။ ဒါကြောင့် ဘဝဆိုတဲ့ ကော်ဖီလေးကို နှစ်သက်ရင်း ရောင့်ရဲတတ်ပါစေ။

ဆရာမြပြောတာပြီးသွားပေမဲ့ တပည့်တွေကတော့တစ်ယောက်တစ်မျိုးစီ အတွေးတွေနဲ့ ကျန်ရစ်ခဲ့တယ်။


ကျွန်တော် Life’s Coffee ကိုဖတ်ရင်းနဲ့ ရလာတဲ့အတွေးတစ်ချို့ နဲ့ ဆီလျော်အောင် ဘာသာပြန်ကြည့်မိပါ

တယ်။လိုအပ်ချက်များသည် ကျွန်တော်အားနည်းချက်ကြောင့်သာ ဖြစ်သည်။

ဒါက...ဒီလိုရှိတယ်(သို့ )မပြင်နိုင်သော စိတ်လေးများ

Tuesday, May 12, 2009

8 comments
မငုံ တဂ်ထားတာလည်း ကြာပြီး။ အားနာ လှပါပြီး။ ရေးမယ် ရေးမယ် လုပ်တိုင်း ပေါ်ပေါ်လာတတ်တဲ့

အကြောင်းတစ်ခုရယ် ပျင်းတာရယ်ကြောင့် “ဒါက ဒီလိုရှိတယ်” ဆင်ခြေနဲ့ တင် ကျွန်တော့်ရဲ့ မကောင်း

တဲ့ အကျင့်ဆိုးတွေ “ကိုယ့်ပေါင် ကိုယ်လှန်ထောင်း”လိုက်ပါတရ်။။ပြောရင်တော့ အကျင့်ဆိုးတွေ အများ

သား။ အဲဒီအထဲမှာမှ ပါရဂူဘွဲ့ ရလောက်တာတွေကို ရွေးထုတ်လိုက်ပါတရ်။ နံပါတ်စဉ်တပ်ပြီး ကျွန်တော့်

ရဲ့ အကျင့်ဆိုးတွေ ချရေးရရင်တော့

(၁)ပျင်းတယ်

“မနက်စောစောထရမှာလည်း ပျင်းတရ်” “အလုပ်သွားရမှာလည်း ပျင်းတရ်” “မိုးရွာရင်လည်း ပျင်းတရ်”

“နေပူရင်လည်း ပျင်းတရ်” “တစ်ယောက်ထဲလည်း ပျင်းတရ်” ………...........................................

……………………………………………………………………………………………………........................

တစ်နေ့ တစ်နေ့ “ပျင်းတရ်” ဆိုတဲ့ စကားလုံး ကျွန်တော့်ရဲ့ Daily Report ထဲမှာ မပါရင်မဖြစ်..အဲဒီလောက်

်ပျင်းတဲ့ ကျွန်တော် စင်ကာပူကို ရောက်တော့ 50% လျှော့ကျသွားအောင် လုပ်ပေးနိုင်တာ အံ့သြမိတရ်။

ဘာကြောင့်လည်း ဆိုတာ သူငယ်ချင်းတို့ လည်း အသိပါပဲလေ။။။ ကျန်တဲ့ 50% ကို လျော့အောင်

ကြိုးစားဆဲပါ။

(၂) လွတ်တယ်

တစ်မျိုးတော့ မထင်ပါနဲ့ ။ ကျွန်တော်က တစ်ခုခုကို အာရုံရောက်သွားရင် စိတ်နဲ့ ကိုယ်နဲ့ လွတ်သွား

တတ်တရ်။ တစ်ခါတုန်းက တစ်လမ်းလုံးတွေးလာတော့ ရှေ့ က မီးပိုင့်နီတာ မမြင်ပဲ လမ်းဖြတ်ကူးတာ

ကံကောင်းလို့  ကားဘရိတ်မှီသွားတရ်။ နို့ မဟုတ်ရင် အသက်အာမခံကြေးမလုပ်ထားတော့ နှမြောစရာ။

နောက်ပြီး မော်လမြိုင်မှာကျောင်းတက်တုန်းက အတန်းထဲမှာပေါ့။ ဆရာမ စာသင်တာ စိတ်မပါတော့

အပြင်ဘက်ကိုငေးကြည့်ရင်း သစ်ပင်ပေါ်က ငှက်တွေ ဘာလုပ်နေလဲ ဆိုတာ သုတေသနလုပ်နေမိတရ်။

ကျွန်တော်ကြည့်တဲ့ဘက်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာ လုံးဝသတိမထားမိတာ အမှန်။

အဲဒီမှာ ဆရာမ ကျွန်တော် ငေးတာတွေ့ သွားတော့ “ဟဲ့ ### နင် ဘယ့်သူကို ကြည့်တာလဲ ငါသိတရ်နော်”

လို့ ပြောလိုက်တာ တစ်တန်းလုံး ကျွန်တော့်ကို ဝိုင်းကြည့်ပြီး ပြုံးစိစိနဲ့ ။ ကျွန်တော်ခဗျာ ဗလိုင်းကြီး အထင်

ခံရတာပဲကြည့်..“ကျွန်တော် ဟာ ကျွန်တော် ငှက်ပဲကြည့်တာကိုးနော်” အဲဒီအကျင့်ကို ဖြောင့်အုံးမှ..

မဟုတ်ရင် မလွယ်….

(၃)အစအနောက်သန်တယ်

သူငယ်ချင်းတွေကို ခပ်တည်တည်နဲ့  နောက်တတ်တရ်။ ခွက်ထိုးခွက်လှန် ရယ်အောင် စနောက်တတ်သလို

ဝမ်းနည်းပက်လက် မျက်ရည်စက်စက်ယိုအောင်လည်း စနောက် ဖူးတရ် ...လန့် သွားပြီးလား ဟဲဟဲ

ကျွန်တော် စလို့  ငိုသွားတာ ကလေးတွေပါဗျ။။။။ တစ်ခါတစ်လေတော့လည်း စနောက်တာ များသွား တဲ့အခါ

ကျရင် သူငယ်ချင်းတွေ တစ်ကယ် စိတ်ဆိုးသွားတတ်တယ်။ ပြန်ချော့ရတာလည်း ဖတ်ဖတ်မောဗျ။ အဲဒါ

ကြောင့် အခုတစ်ဝက်လျော့ပြီးပဲ စတော့တရ်။။။။

(၄)စိတ်လည်းတိုတတ်တယ်

တစ်ခါတစ်လေ စိတ်ထဲ ရှုပ်နေရင် သူများမေးတာကို ပြန်ဖြေချင်မှ ဖြေတတ်တယ်။ ဘယ်အချိန်အဖြစ်များလဲ

ဆိုရင် ရုံးကနေ ပြန်လာတဲ့အချိန် အရမ်းပင်ပန်းတဲ့အခါကျရင် စကားပြောချင်စိတ်မရှိပဲ လူကစိတ်တိုနေတတ်

တရ်။ ကိုယ့်အကြောင်း ကိုယ်သိတော့ ရောက်တာနဲ့ အိပ်ရာထဲတန်းဝင်ပြီး အိပ်ပြစ်လိုက်တရ်။ ပြန်နိုးလာတဲ့

အခါကျရင်တော့ တစ်အိမ်လုံး ကိုယ့်အသံကြီးပဲဗျ။။။။ ဟဲဟဲ

(၅)မရင့်ကျက်သေးဘူး

ကျောင်းလည်း ပြီးပြီး။ အလုပ်လည်းလုပ်နေပြီး။ ကျွန်တော် အခုထိ မရင့်ကျက်သေးတာအမှန်ပဲဗျ။ တစ်ခုခု

ဆိုရင် ကျွန်တော်မျက်နှာပေါ်မှာ ဖတ်လို့ ရတယ်။ အဲဒါ ကျွန်တော့်ရဲ့အားနည်းချက်ပဲ။ စိတ်ခံစားမှုကို ဦးစား

ပေးလို့ လားပဲ။ ဒီစိတ်ကိုတော့ ပြင်ရမှာပါ။

(၆)တဇွတ်ထိုး

လုပ်ချင်တာ လုပ်လိုက်ရမှ ကျေနပ်တတ်တာဆိုရင် ကျွန်တော် တဇွတ်ထိုးသမားပဲ။ ကျောင်းတက်တုန်းက

ခရီးတစ်ခုသွားမယ်လို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ဖျက်ရတော့မယ်တဲ့။ ဘာဖြစ်လဲဆိုတာ မရေရာဘူး။

အိုကေ ငါတစ်ယောက်ထဲ သွားမယ်ဆိုပြီး မော်လမြိုင် ကျိုက်ခမီ ခရီးကို တစ်ယောက်ထဲ လစ်ချသွားတာ။။။

တစ်ယောက်ထဲဆိုတော့ ပျင်းပေမဲ့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လိုက်ရတဲ့အတွက် ကျေနပ်သွားတယ်။ အဲဒီ

စိတ်က တွေးလိုက်ရင် မိုက်ရူးရဲဆန်နေသလားလို့ ။။။

(၇)အရွှဲ့ လည်းတိုက်သေးတရ်

ရှစ်တန်းနှစ်တုန်းက ပေါ့။ ကျောင်းထဲမှာ စံပြအတန်းဆု ပေးဖို့ ဆရာကြီးက လတိုင်းရွေးတယ်။ ကျွန်တော်တို့ 

့အတန်းက ကောင်မလေးတွေ ဒီဆုလိုချင်နေတာ တကဲကဲဗျ။ ကျွန်တော်က အီးစီ ဆိုတော့ ဘာလုပ်ရင် ကောင်း

မလဲလာမေးကြတယ်။။ကျွန်တော်လည်း ရွှဲ့ ချင်တာနဲ့ နင်တို့ တွေ ချဉ်ပေါင်စိုက်မလား။ ချဉ်ပေါင်ရှင်တဲ့အခါကျရင်

ဆရာကြီးကိုသွားပေးလို့ ပြောလိုက်မိတရ်။ နောက်နေ့ ကျတော့ ကောင်မလေးတွေ တစ်ကယ်ပဲ ချဉ်ပေါင်စိုက်ကျ

တယ်ဗျို့ ။ မှတ်မှတ်ရရ အဲဒီနှစ်လအတွင်းမှာတိုက်တိုက်ဆိုင်ဆိုင် စံပြအတန်းဆုကို ရတယ်။ ဟိဟိ ချဉ်ပေါင်

ကြောင့်လားမသိ။ အခုထိလည်း ရွှဲ့ တတ်တဲ့ စိတ်ကလေးက မပျောက်သေးဘူး။။။


ကိုယ်မကောင်းကြောင်းဆိုတော့ နည်းနည်းပဲဖွတော့မယ်နော်။ အကြောင်းသိဖြစ်သွားရင် မခင်ကြတော့ပဲ

နေအုံးမယ်။ မပြင်နိုင်သေးတဲ့ ဒီစိတ်ကလေးကို အချိန်တစ်ခုအတွင်းမှာတော့ပြင်နိုင်အောင် ကြိုးစားသွား

မှာပါ။ အမှတ်တမဲ့ ထားခဲ့တဲ့ ကိုယ့်ရဲ့ အကျင့်တွေကို ကြေးမုံပြင်ထက်မှာကြည့်ဖို့ တဂ်ပေးတဲ့ မငုံကိုကျေးဇူး

တင်ရင်း ပိုစ့်ကို အဆုံးသတ်လိုက်ပါတရ်….

ကျေးလက်တောင်တန်း

Friday, May 8, 2009

7 comments


အဆိုတော် ထွဏ်းခမ်း ရဲ့ ကျေးလက်တောင်တန်း သီချင်းပါ။ အခုတစ်လော ဒီသီချင်းပဲ ခဏခဏ

နားထောင်ဖြစ်တရ်။ မြန်မာပြည်နဲ့ ဝေးနေကြတဲ့ သူငယ်ချင်းတွေအားလုံး အကြိုက်ချင်းတူရင်

နားထောင်ကြည့်ကြပေါ့နော်။ မှိုင်းညို့ညို့ တောင်တန်းပေါ်က ပုလွေသံနဲ့ အစပြုထားတဲ့ ဒီသီချင်းက...



♥ ♥ ♥ ♥ ♥ ကျေးလက်တောင်တန်း ♥ ♥ ♥ ♥ ♥

မျှော်လင့်ခြင်းနှင့် ဘဝရဲ့ ပြေးလမ်းပေါ်မှာ ရှာဖွေကြိုးစားဘဝအတွက် ပြေးလွှားနေရင်း

အကြိမ်ကြိမ်လဲကျ ရှုံးနိမ့်မောပန်းလို့  နွမ်းနယ် ငြိမ်သက်နွေးထွေးတဲ့ ဘဝရဲ့အရိပ်ကို

ကျွန်တော်........တမ်းတ......ဝိုးဝိုး

မြို့ ပြညရဲ့ လမ်းမတွေပေါ် ဒဏ်ရာများနဲ့ တိုက်ခိုက် အသည်းကွဲချိန်မှာ

ယုံကြည်ခြင်းများအားနည်းပျောက်ဆုံး ဘဝမီးအိမ်

ကြယ်ရောင်မလင်းတဲ့ ဘဝရဲ့ ညတွေ ဖြတ်သန်းရင်း လမ်းပျောက်နေဆဲ

ဒီလိုမြို့ ပြဘဝက အဆင့်မြင့်ပါတယ် နေထိုင်စားသောက်ဖို့ အတွက် အားလုံးအဆင်သင့်

ဒါပေမယ့်လဲ ကျွန်တော်ရဲ့အသွေးသားကတောင်းဆို တောင်ပေါ်အမေ့ရဲ့ ထမင်းနှင့်ဟင်းကို

ကျွန်တော်........တမ်းတ......

ဆောင်းနှင်းများကြား ပွင့်တဲ့ ချယ်ရီ တောင်ပေါ်ထင်းရှုးရနံ့ လေး ရှုရှိုက်ချင်တယ်

မြေနီလမ်းလေးများက ပြောင်းလဲသွားမလား တောင်ပေါ်လမ်းလေးအတိုင်းအရောက်ပြန်မယ်

တောတန်းများရဲ့ အရိပ်ကို မျှော်ကြည့်ရင်း .......မျှော်ကြည့်ရင်း....

ဟိုအဝေးကမိုးသား တိမ်တိုက်များရဲ့ အောက် ဘယ်ခါမပြောင်းလဲသွားတဲ့ တို့ ရဲ့ နေရာ

နွေမိုးဆောင်း အပြောင်းအလဲ တောင်တန်းများရဲ့ ကြား

တသွင်သွင် စီးဆင်းသွားတဲ့ စမ်းချောင်းများ

ဘယ်တော့မှမမေ့ဘူး.......... ဘာနဲ့ မှ မလဲဘူး

သာယာအေးချမ်းလွန်းတဲ့ ကျေးလက်တောင်တန်း

ဘယ်တော့အရောက်ပြန်မယ် ဘယ်တော့နီးရမလဲ

အကြိမ်ကြိမ် လွမ်းမောရင်းနဲ့ မေ့မရဘူး

ရင်ထဲမှာ လွမ်းလို့ ………အရောက်ကို ပြန်လာမယ်



♥ ♥ ♥ကျေးလက်တောင်တန်း ♥ ♥ ♥နားထောင်ကြည့်ရင်း ဒေါင်းနိုင်ပါတရ်။

ချစ်နိုင်ကြပါစေ

Monday, May 4, 2009

8 comments


မနက်ခင်း နာရီနှိုးစက်သံနှင့်အတူ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့  ကျွန်တော်တို့ အလုပ်လုပ်ဖို့ ပြင်ဆင်

ကြရပါပြီး။ အဲဒီတော့ အလုပ်လုပ်ရာ ပတ်ဝန်းကျင်က လူတွေ၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က လူ

တွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ဆက်ဆံကြရပါပြီး။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့

အတိုင်း တစ်ချို့  ကိုယ်ကောင်းသလို ကိုယ့်အပေါ် ပြန်ကောင်းတဲ့ အတွက် စိတ်ချမ်းသာရပါတရ်။

တစ်ချို့ တစ်လေ ကျတော့လည်း ကိုယ့်အပေါ် အနည်းနှင့်အများ စိတ်ခုစရာတွေ ယူဆောင်လာတတ်

ကြပါတရ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က လူပတ်ဝန်းကျင်မှာ ရှိနေသရွှေ့ တော့ ရှောင်လွဲလို့ မရဘူး

ထင်ပါတရ်။ ကိုယ်တိုင် အေးအေး ဆေးဆေးနေပေမယ့် ပြင်ပ ပယောဂကြောင့် စိတ်လေးလံဘူးတယ်။

ဖြစ်ခါစဆိုရင် ဒေါသတွေကြောင့် ပူလောင်တာနဲ့  ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ အကျည်းတန်

ရုပ်ဆိုးသွားစေတာ နှမြောစရာပါပဲ။

အဲဒီအခါကျရင် ဖတ်ခဲ့ဖူးတဲ့ မူလတန်းကလေးတွေ ကစားတဲ့ ကစားနည်းတစ်ခုကိုတွေးရင်း စိတ်ထဲ

ကအဖုအထစ်တွေကို ရှင်းလင်းစမြဲပါ။ သူငယ်ချင်းတွေကို အဲဒီကစားနည်းကို ပြောပြချင်ပါတရ်။။


မူလတန်းကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုမှာ စတယ်ပေါ့ဗျာ။ ကလေးတွေကို ဆရာမက

မနက်ဖြန်ဂိမ်းကစားဖို့  အားလူး နှင့် ပလတ်စတစ်အိတ်တစ်လုံးစီ ယူလာခိုင်းပါတရ်။ ကလေးတွေ

လည်း ဘယ်လိုကစားနည်းလဲ ဘယ်လိုကစားမလဲဆိုတာကို ရင်ခုန်စွာနှင့် ဆရာမပြောတဲ့ အတိုင်း

ယူဆောင် လာကြတရ်။ ဆရာမက ကစားနည်း စဖို့ အတွက် ပထမဦးဆုံး ကိုယ်မုန်းတဲ့သူတွေရဲ့ 

နာမည်ကို အားလူးပေါ်မှာ ရေးခိုင်းစေတရ်။ အဲဒီမှာ တစ်ချို့ ကလေးတွေက အားလူးပေါ်မှာရေးတာ

တစ်လုံးနှစ်လုံး တစ်ချို့ ကလေး တွေ ကြတော့ ငါးလုံးအထိ အံ့သြစရာတွေ့ ရပါတရ်။

ကလေးတွေရေးပြီးတဲ့ အခါကျတော့ ဆရာမက ကလေးတွေကို မတ်တပ်ရပ်ခိုင်းပြီး “ကဲ ကလေးတို့ 

မင်းတို့ အိတ်တွေထဲကို နာမည်ရေးထားတဲ့ အားလူတွေထည့်ပြီး တစ်ပတ်တိတိ ဘယ်နေရာသွားသွား

ယူဆောင်ကြပါ” လို့ ပြောရင်း ဂိမ်းကို စတင်လိုက်ပါတရ်။ ကလေးတွေက ဆရာမကို နားမလည်စွာနဲ့ ပဲ

ဆရာမစကားကို ကြောက်ကြောက်နဲ့ နားထောင်လိုက်ရပါတရ်။

တစ်ပတ်လောက်ကြာတဲ့အခါကျတော့ အာလူးထဲက မကောင်းတဲ့အနံ့ တွေရယ် ဘယ်နေရာသွားသွား

သယ်နေရတဲ့အတွက်ကြောင့် လက်တွေညောင်း လာတဲ့ အတွက် ကလေးတွေထံမှ ညည်းညူသံတွေ

ကြားရပါတရ်။ ဆရာမ မရောက်ခင်အထိ တစ်တန်းလုံး ကျောင်းသားတွေရဲ့ ဂိမ်းအပေါ်ဝေဖန်ချက်တွေ

နဲ့  တစ်တန်းလုံး ဆူညံပွက်လောရိုက်နေပါတော့တရ်။ နောက် ငါးမိနစ်ကြာတဲ့ အခါမှာ ဆရာမအတန်း

ထဲရောက်ရှိလာပြီး ကလေးတစ်ယောက်ကို ထခိုင်းပါတယ်။ “ဒီဂိမ်းကစားနည်းမှ ဘာတွေသိလာသလဲ”

လို့ ကလေးကို ဆရာမက မေးလိုက်ပါတရ်။ ကလေးကလည်း “ဟုတ်ကဲ့ပါဆရာမ ဒီတစ်ပတ်လုံး ဘယ်

နေရာသွားသွား အားလူးအိတ်ထဲက အနံ့ တွေကြောင့် စိတ်ရှုပ်ရပါတရ်။ သယ်ရတဲ့ အာလူးအလုံးအရေ

အတွက်ပေါ်မူတည်ပြီး လက်တွေ ညောင်းလာပါတရ်” လို့ ဆရာမကို ပြန်ပြောပါတရ်။ အဲဒါနဲ့ ဆရာမက

ကလေးကို ပြန်ထိုင်ခိုင်းလိုက်တရ်။ နောက်အားလုံးကို ကြည့်လို “ဒီ ဥပမာအတိုင်းပါပဲတဲ့။ မင်းတို့ မုန်းတဲ့

သူတွေကို မင်းတို့ စိတ်ထဲမှာ ထည့်လိုက်ရင် သူတို့ ကြောင့် စိတ်လေးလံရလိမ့်မယ်။ သူတို့ တွေကို စိတ်ဆိုး

ဒေါသဖြစ်မိရင်လည်း ကိုယ့်စိတ်ဟာ အနံ့ ဆိုးတွေနှင့် မစင်ကြယ်တော့ဘူး။ ဒါကြောင့် အားလုံးကို ချစ်တတ်

အောင် ကြိုးစားပြီး မိမိစိတ်ကို ပေါ့ပါးစေပြီး စင်ကြယ်မွေးကြိုင်နေပါစေ။”လို့  ဂိမ်းရဲ့ အနှစ်သာရကိုပြောရင်း

ကလေးတွေကို ပုတ်ပွနေတဲ့ အားလူးထုတ်ကို ပေးလွှင့်ခိုင်းလိုက်ပါတော့တရ်။ ဒီလိုနဲ့  ဂိမ်းကစားနည်းကို

အဆုံးသတ်လိုက်ပါတဲ့ခင်ဗျာ။

ဒီကစားနည်းကအတိုင်း ပုတ်ပွနေတဲ့ အာလူးတွေကို စိတ်ထဲကနေ အလျင်အမြန် ထုတ်လိုက်ကြရအောင်။

အားလုံးကို ချစ်ခြင်းဖြင့် ကိုယ့်စိတ်ကို ပေါ့ပါးစေနိုင်ပါတရ်။ “Dear Everybody”

ဒီနေရာ

Saturday, April 4, 2009

11 comments
(ပုံကို www.google.com မှ ရရှိသည်)



နွေးထွေးခြင်းနှင့် လက်တစ်စုံ ကမ်းခဲ့ဖူးသလို

လက်ပြနှုတ်ဆက် ကျန်ခဲ့တာလည်း ဒီနေရာ။

ပျားရည်ဆမ်းတဲ့ ရယ်သံချိုချို ဟစ်ကြွေးခဲ့သလို

ရှိုက်သံသဲ့သဲ့ တိုးတိုးလေး ကြားခဲ့တာ ဒီနေရာ။

မျှော်လင့်ခြင်း အားသစ်တွေနဲ့  ပျိုမြစ်ခဲ့ဖူးသလို

အားအင်တွေ ပျောက်ကွယ်သွားတာ ဒီနေရာ။

ချစ်သူခင်သူတို့  ရင်ဘတ်ခြင်း နီးစပ်ခဲ့ကြသလို

တစ်ကိုယ်ထဲ အထီးကျန်ခဲ့တာလည်း ဒီနေရာ။

Changi ဆိုတဲ့ အမည်နာမ နဲ့  ဒီနေရာမှာ

လွမ်းချင်းသီတဲ့ ကဗျာတွေ ရှိနေလိမ့်အုံးမယ်

တေးသွားမြူးမြူးလေးတွေလည်း လွင့်ပျံနေအုံးမယ်

နောက်ဆုံးလှမ်းသွားတဲ့ ခြေလှမ်းတွေ ကျန်ခဲ့အုံးမယ်

ခြေလှမ်းအသစ်သစ်တွေလည်း လှမ်းလာကြအုံးမယ်။



(Changi Airport ကနေ ပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက်အတွက်)

တစ်ခါတုန်းက တစ်နေရာ

Wednesday, January 28, 2009

0 comments
ပုံကို www.mongti.ning.com မှ ကူးယူဖော်ပြသည်
လွမ်းတယ်…..သူငယ်ချင်း
အေးမြတဲ့နှင်းခဲလိုစကားလုံးတွေနဲ.အစပြုလို့ 
မိုးပွင့်လိုရင်ထဲကမျက်ရည်နဲ.နှုတ်ဆက်အဆုံးသတ်ခဲ့တဲ့
ငါတို့ ရဲ့ ခင်မင်မှုကိုလွမ်းတယ်

အတိုင်းအဆဲ့မဲ့ကောင်းကင်ပြင်ကျယ်ကြီးမှာ
အနန္တကြယ်ကလေးတွေ ကွန်းခိုသလို
မော်ရွှေမြိုင် GTU ကျောင်းတော်ကြီးမှာ
ငါတို့  ကွန်းခိုခဲ့တာ ကိုလွမ်းတယ်

သင်းပျံ့ ပျံ့ ကံကော်တန်း စီရရီ နဲ့ 
မာလာဝတ်ရည် လမ်းမထက်ပေါ်မှာ
လွယ်အိတ်ကိုလွယ် T(တီ) ကိုဆွဲလို့ 
ပေါ့ ပါးစွာရွှေ့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေ ကိုလွမ်းတယ်

မြစ်သံလွင်ရဲ့ နေ၀င်ဆည်းဆာပန်းချီမှာ
အိပ်တန်းပြန်ငှက်တွေကဆေးစက်ကူသလို
မော်ရွှေမြိုင် GTU ရဲ့ မနက်ခင်းတွေမှာ
အင်/ယာ လောင်းလျာတွေနဲ့  အသက်ဝင်နေတာကိုလွမ်းတယ်

ဖြူပြာဝတ်စုံ တူလွှမ်းခြုံ ထားတဲ့
နောက်ဆုံးနှစ် Civil Major စာသင်ခန်းထဲမှာ
ငွေစင်ကြယ်လို မျက်ဝန်း တစ်စုံ နှင့်
မိုနာလီဇာလို အပြုံးပိုင်ရှင်ကိုလွမ်းတယ်

တစ်နေ့ တစ်မျိုး ဘယ်ခါမရိုးတဲ့
ဘော်ဒါတွေရဲ့ ခံစားချက်နဲ့ လွင့်ခဲ့တဲ့
Lady အဆောင်ရှေ့ အုတ်ခုံပေါ်က
Guitar (သီချင်းသံ) ကိုလွမ်းတယ်

အချိန်လက်တံနောက်မှာ ကျန်ခဲ့ပေမဲ.
ရင်မှာရှင်သန်နေမြဲသူငယ်ချင်းတွေနဲ့ 
အတူတူသွားခဲ့ဖူးတဲ့ တောင်ပေါ်တန်းနဲ့ မြစ်သံလွင်ကမ်း
ပြန်လည်တွေးတိုင်း ကိုလွမ်းတယ်

လွမ်းတယ်…..သူငယ်ချင်း
နက်နက်ရှိုင်းရှိုင်း သန္ဓေတည်
သံယောဇဉ် တစ်ပွေ့ တစ်ပိုက်နဲ့ 
လွမ်းလို့ မပြေ ကျောင်းသားဘ၀ရဲ့ 
အဖြူရောင် အတိတ်နေ့ ရက်များ
အားလုံး………အားလုံးကိုလွမ်းတယ်။
 

Posts Comments

©2006-2010 ·TNB