ကျွန်တော် နှင့် မိတ်ဆွေကောင်းများ

Wednesday, June 17, 2009

ဟင်းအမယ်စုံတဲ့ ထမင်းဝိုင်း တစ်ဝိုင်းမှာ အရသာရှိတဲ့ ဟင်းခွက်ကြောင့် ခံတွင်းမြိန်စေတာမဟုတ်လား။ အဲဒီလိုပဲ လူအမျိုးမျိုး စိတ်အထွေထွေနှင့် ပတ်ဝန်းကျင်ထဲမှာ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေကြောင့် ဘဝဟာ ချိုမြိန်သာယာနိုင်စွမ်း ရှိကြမယ် ဆိုတာ ငြင်းလို့ မရဘူးထင်ပါတယ်။ ခင်မင်ခြင်း ဆိုတဲ့ စိတ္တဇနာမ်ကို လက်ဆုပ်လက်ကိုင် ပြလို့ မရပေမဲ့ စကားတစ်ခွန်း ၊ အပြုအမူ တစ်ချို့ တစ်လေတွေနှင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ဆိုတာကိုတော့ အသိအမှတ်ပြုနိုင်ကြမှာပါ။

မိတ်ဆွေကောင်းတွေနဲ့ အတူရှိနေခြင်းက အထီးကျန်ဆန်မှုဆိုတဲ့ ဝေါဟာရနှင့် ကင်းကွာခွင့် ရရှိစေတာကိုတော့ ကျွန်တော် အမက်မောဆုံးပါပဲ။ ငယ်ငယ်ကတည်းက ကျွန်တော် အပေါင်းအဖော်မက်ပါတယ်။ ကျောင်းပိတ်ရက် တောင်မှ ဘောလုံးကန်၊ ရေကူး နှင့် သူငယ်ချင်းတွေနှင့်တရုံးရုံးရှိနေတတ်ပါတယ်။ ကျွန်တော် ကျောင်းမတက်နိုင်လို့ စာကူးပေးရမယ်ဆိုရင် သူငယ်ချင်းကောင်းပီသချင်တာနဲ့  အပြိုင်အဆိုင်စာကူးပေးချင်တဲ့ အပေါင်းအဖော်တွေကိုတွေးတိုင်း ကြည်နူးမိပြန်တယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေဆိုတာ နွေးထွေးမှု ကြည်နူးမှု ဆိုတဲ့ ရသတွေပြည့်လျှံနေတာပါပဲ။

ကိုယ်တိုင်ဖြေရှင်းရမဲ့အခက်အခဲနဲ့ ကြုံတိုင်း “စိတ်ဓါတ်မကျနဲ့  မင်းလုပ်နိုင်မှာပါ” စကားတစ်ခွန်းကို အမြဲနှစ်သိမ့် ပေးတတ်တဲ့ သူငယ်ချင်းတွေလည်း ကျွန်တော် အတိုင်းမသိ ကျေးဇူးတင်မိတယ်။သူတို့  ပေးတဲ့ စိတ်ဓါတ် ခွန်အားတွေ ကနေ စတင်မြစ်ဖျားခံပြီး ရင်ဆိုင်နိုင်ခဲ့တဲ့ ဘဝတိုက်ပွဲတွေလည်း အမှတ်ရစရာတွေပါ။ မိတ်ဆွေကောင်းတွေဆီကနေရရှိတဲ့ ရဲရင့်ခြင်း ၊ ယုံကြည်မှုတိုးတက်စေခြင်း ဆိုတဲ့ လက်ဆောင်ကလည်း အမြတ်တနိုးတန်ဖိုးထားစရာ ကောင်းလွန်းလှပြန်တယ်။

ကျွန်တော် မိုက်ရူးရဲဆန်ပြီး လမ်းမှားတွေလျှောက်မိတဲ့အခါတွေမှာ အမုန်းခံပြီး စိတ်ရှည်လက်ရှည်နှင့် လမ်းမှန်ရောက်အောင် ပြုပြင်ပေးတတ်သလို၊ အတ္တကြီးသလိုဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ချို့ မှာလည်း ချစ်သောမျက်စိဖြင့် ဝေဖန်ရှင်းပြရဲတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေဟာလည်း မရှိမဖြစ်ပါပဲ။ ပန်းတိုင် မယိမ်းယိုင်လျှောက်နိုင်ခဲ့တာ တူညီတဲ့ခြေလှမ်း၊ မနောချင်းနီးစပ်တဲ့ မိတ်ဆွေစစ်တွေကြောင့်ပါပဲ။

ကမ္ဘာ့ ရွာကြီးလို့ တင်စားထားတဲ့ ဒီခေတ်ကြီး ထဲမှာ ရည်မှန်းချက်တွေအတွက် ရေခြားမြေခြားမှာ ရှိနေကြပေမဲ့ အစိမ်းရောင် မီးသီးလေး ရဲ့ တစ်ဖက်ကနေ ရင်ဖွင့်တိုင်ပင်လို့  အကျိုး နှင့် အကြောင်း အတူတူခွဲခြားပြီး ဝမ်းနည်းခြင်း ဝမ်းသာခြင်း မျှဝေကြတဲ့ ထာဝရမိတ်သဟာတွေဟာလည်း ဆုလာဘ်ပါပဲ။ ဒီလို အရှိကို အရှိတိုင်း စိတ်ရင်း မှန်မှန်နှင့် ဆက်ဆံပေးတဲ့ မိတ်ဆွေတွေရဲ့  အခန်းဂဏ္ဌကလည်း အရေးပါလွန်းလှပြန်တယ်။

အပေါင်းအသင်းတွေနဲ့  တွေဆုံခွင့်ရတဲ့ အခိုက်အတန့် ဒီအချိန်လေးတွေဟာ တန်ဖိုးရှိလွန်းပါတယ်။ နှောင်းမှ သတိတရနှင့် တမ်းတနေခြင်းက မိုးပျံပူဖောင်း လက်ကနေ လွှတ်လိုက်သလိုမျိုး ပြန်ရဖို့ မလွယ်တော့ပါဘူး။ ဓူဝံကြယ် တစ်စင်းထဲ အဖော်မဲ့ပြီး ပိုတောက်ပနေတာထက် ခုနှစ်စင်ကြယ်လို အပေါင်းအဖော်တွေနဲ့  ရောင်ခြည်ဖြာလို့ အလင်းဆောင်နေတာကိုတော့ ပိုနှစ်ခြိုက်မိတာအမှန်ပါပဲ။

မိတ်ဆွေသူငယ်ချင်းနှင့် ပတ်သက်ပြီး တဂ်ထားတဲ့ ညီမလေးဇော် ရေ ကျေနပ်ပေးပါနော်။ ဒီတဂ်ပိုစ့်လေးကို ဆက်တဂ်ချင်ပေမဲ့လည်း တော်တော်များများရေးပြီးကြနေပြီး။ လူမှုကျင့်ဝတ်မှာပါတဲ့ မိတ်ဆွေကျင့်ဝတ်လေး ကို ကျွန်တော်အခု ပြန်ဖတ်ကြည့်ရင်း ချရေးကြည့်မိပါတော့တယ်။

ပေးကမ်း ချီးမြှင့် ၊ ကိုယ်နှင့် ယှဉ်ထား
စီးပွားဆောင်ရွက် ၊ နှုတ်မြွတ် ချိုသာ
သစ္စာ မှန်စေ ၊ ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ

8 comments:

Sein Lyan Tun said...

မှတ်သားသွားပါတယ်
ဦးရီးတော်က တူရီးတော်အတွက်
အမြဲတမ်းသူငယ်ချင်းကောင်းဖြစ်နေချင်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မိုးစက်အိမ် said...

အရေးအသားလေးတွေက လှတယ်ဗျာ...ဓူဝံကြယ် တစ်စင်းထဲ အဖော်မဲ့ပြီး ပိုတောက်ပနေတာထက် ခုနှစ်စင်ကြယ်လို အပေါင်းအဖော်တွေနဲ့  ရောင်ခြည်ဖြာလို့ အလင်းဆောင်နေတာကိုတော့ ပိုနှစ်ခြိုက်မိတာအမှန်ပါပဲ။ အဲဒီစကားစုလေးကို
ချစ်သက်တယ်ဗျာ...အမှန်တရားလေးပါ အားပေးလျက်ပါ ကိုနွန်ကြီး
ခင်မင်လျက်...

သီဟသစ် said...

ညီလေးနွန်နွန်ရေ
မိတ်ဆေကောင်းတွေက တကယ်လိုအပ်ပါတယ်ကွာ
စာလေးတွေဖတ်သွားပြီ
good luck

ခင်မင်စွာဖြင့်
သီဟသစ်

desertraindrops said...

တုနန်ရေ..မငုံလဲ သူငယ်ချင်း တော်တော်မက်တဲ့သူပဲ. မိတ်ဆွေသူငယ်ချင်းဆိုတာ အမှန်တကယ်သာ ကောင်းမွန်သူဆိုရင် တကယ်လိုအပ်ပါတယ်။ ရှေ့ရှောက် မိတ်ဆွေသူငယ်ချင်းကောင်းအများကြီး ရပါစေ။

မိုးခါး said...

ပေးကမ်း ချီးမြှင့် ၊ ကိုယ်နှင့် ယှဉ်ထား
စီးပွားဆောင်ရွက် ၊ နှုတ်မြွတ် ချိုသာ
သစ္စာ မှန်စေ ၊ ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ
အရမ်းတန်ဖိုးရှိပါတယ်
ပျော်ရွှင်ပါစေး)

နွေးနေခြည် said...

ဖော်ပြပုံလေးကောင်းလိုက်တာ.. မှတ်သွားပါတယ် သူငယ်ချင်းရေ

ရွှေပြည်သူ (ShwePyiThu) said...

အသက်ကြီးလာလို့ မိတ်ဆွေစစ်ရှားမှန်းသိလေ ကိုယ့်မှာရှိတဲ့ မိတ်ဆွေစစ်တွေကို ပိုတန်ဖိုးထားတတ်လာလေပါပဲ။ ပို့စ်ကောင်းလေး အတွက် ကျေးဇူးပါပဲ မောင်လေးတလနွန်ရေ...

ဇော် said...

ကိုည
မိတ်သဟာ ကျင့်ဝတ်ကို ကျနော် မှတ်သွားတယ်ဗျာ။ ကိုညဆီကို နောက်ကျမှ ရောက်ဖြစ်တဲ့အတွက် ကျနော် စိတ်မကောင်းဘူး။ ကျနော် စကောလားရှစ်ရလို့ ကျောင်းတက်နေရတယ် ကိုည။ ကျနော်တို့ Dubai Duty Free က ကမ္ဘာ့နံပါတ်၁ ရတယ်လေ။ ဒီနှစ်ကို။ အဲ့ဒါ သူတို့ စကောလားရှစ်၁၈၀ယောက် ခေါ်တာ ကျနော်ပါတယ်။ ကျနော် စာမေးပွဲအောင်လို့ ပါသွားတာ။ အဲ့ဒါကြောင့် ကျနော် အလုပ်တွေရှုပ်နေခဲ့လို့ ကိုညရ။

ကိုည အတွက် ကျနော်လဲ ကိုဂျီးစိန်ပြောသလို သူငယ်ချင်းကောင်း ညီမကောင်း ဖြစ်ချင်ပါတယ်ဗျာ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့နော်။
ကျေးဇူးတင်ပါတယ်ဗျာ။
ဇော်..။

 

Posts Comments

©2006-2010 ·TNB