အဏ္ဏဝါထက် ဖြန့် ကျက်မိသော အတွေးကွန်ယက်များ

Thursday, July 30, 2009

13 comments

ကောင်းကင်ထက်မှ ခရမ်းရင့်ရောင်ပုတ်ပုတ် မိုးသားအလိပ်လိပ်တို့ သည် မြေပြင်တခွင်ပေါ် မှိုင်းမှိုင်းညှိ့ ညှိ့ နှင့် ဖြန့် ကျက် ခင်းထားသည်။ မကြာခင် သည်းသည်းမည်းမည်း ရွာချတော့မည့်ဟန် ဆောင်နေတဲ့ မိုးသားတွေနှင့် အပြိုင် မော်လမြိုင်(ဈေးကြီးဆိပ်ကမ်း)မှ သမိန်းဗရမ်း နှစ်ထပ်သင်္ဘောသည်လည်း ဒေါမာန်ပြင်းသည့် လှိုင်းကြမ်းထက်ကို ဖြတ်ပြီး ဘီလူးကျွန်းဆီသို့  ခုတ်မောင်းရန် တာစူလျက်ရှိပေသည်။


မိုးမလာခင် ကုန်တင်ကုန်ချ အလုပ်သမားများသည် ကုန်ပစ္စည်းများကို ထမ်းပြီး သဘောင်္ပေါ်သို့  တသုတ်သုတ်နှင့် တိုးဝှေ့ တင်ဆောင် နေကြသည်။ အခေါက် အရေအတွက်များများ ရမှ လုပ်အားခ ပိုထွက်မည် ဖြစ်သလို မိုးတွေ စိုကုန်မှာစိုးလို့ အလျင်အမြန် ပြေးလွှားမိကြတော့ ခရီးသည်အချို့ နှင့် ထိမိခိုက်မိပြန်သည်။ နားလည် ကိုယ်ချင်းစာတတ်တဲ့သူများက ဘေးဝဲယာ ကပ်ပေးကြသလိုပဲ တစ်ချို့ တွေကြတော့ ချွေးတွေပြန် ညစ်ပတ်ပေကျံ နေကြသော အလုပ်သမားတွေကို နှာခေါင်းရှုံ့ ပြီး ဘေးယာ ကပ်ကြသည်လည်း ရှိသည်။


သင်္ဘောထွက်ရန် နာရီဝက် လိုသေးသဖြင့် ကျွန်တော်လည်း ဘောတံတား ဘေးကနေ အေးအေးလူလူပင် ဆင်းလာခဲ့သည်။ သင်္ဘောအဝင် ဘေးယာတွင် ယာယီ ထီးကလေးတွေနှင့် စာကလေးခွေ ၊ ပဲပြားအစာသိပ် စသည့် မုန့် ပဲ သရေစာများစွာကို ရောင်းချနေကြတဲ့ ဈေးသည်များ ပြည့်ကျပ် နေသဖြင့် သင်္ဘောပေါ်သို့  တော်တော်နှင့် မလှမ်းနိုင်။ မိုးကလည်း သည်းစပြု နေပြီးဆိုတော့ သင်္ဘောပေါ်သို့  ရောက်ရန် စိတ်လောနေသော ခရီးသည်တစ်ချို့ မှ စည်းကမ်း မရှိသော ဈေးသည်များကို အပြစ်တင် ဝေဖန်သံကို လည်း ကြားရပြန်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ ဒီမြင်ကွင်းမျိုးက မဆန်းပါပေ။


သင်္ဘောပေါ်ရောက်တော့ လက်မှတ်ရောင်းသည့် ကောင်တာမှာ ရောင်းမည့်သူ ပျောက်နေသည်။ ကိစ္စမရှိ ။ လက်မှတ်လာ ကောက်ရင် ပိုက်ဆံပေးလိုက်လို့ ရသည်။ လက်မှတ် လာကောက်သည့် ချာတိတ်တွေကလည်း ထိုပိုက်ဆံကို တရိုတသေနှင့် ခါးကြားထဲ လိမ်ထိုးထည့်လိုက်မည်။ ထိုသို့  အားပေးမှုကြောင့် တစ်ခါတစ်လေ လက်မှတ်စစ်နဲ့ တိုးပြီး လက်မှတ်ဖိုးနှစ်ဆ ပေးဆောင်ခဲ့ရဖူးသည်။


သင်္ဘော ကျောက်ချထားသည့် ဆိပ်ကမ်းနားတွင် ရာသီပေါ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပို့ သည့် လှေငယ်ငယ် များလည်း အစီအရီ အမြောက်အများ။ စိမ်းစားဥ ၊ ဖရဲသီး ၊ ကြက်မောက် ၊ မင်းဂွတ် ၊ ကျွဲကော် နှင့် ဒူးရင်း စသည့် အသီးအနှံများကို တင်ဆောင်လာကြသည်။ လာယူသည့် ဖောက်သည်များဆီ ပို့ ဆောင် ပေးပြီးကြတဲ့ လှေငယ်များသည် ဆိပ်ကမ်းမှ အလျှိုလျှို ခွာနေကြပြီး ဒီမိုးသည်းသည်း လေကြမ်းကြမ်း လှိုင်းလုံးကြီးကြီးပေါ်တွင် အန်တုရင်ဆိုင်ဖို့  စတင်ထွက်ခွာ တိုးဝင်နေပြန်သည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်လယ်ပြင်မှာ ပျော်ပါးရင်း အသက်ကိုပင် လောင်းကြေးထပ်ဝံ့သူများပင်ပေလော။


တူ……………..တူ


ဥသြဆွဲသံ ကြားမှ လှေငယ်တွေထံ အကြည့်အတွေးကို ရုပ်သိမ်းပြီး လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ တစ်လှေ (သင်္ဘော) ထဲစီး တစ်ခရီးထဲသွား မည့်သူများကို ကြည့်လိုက်တော့ တစ်နေကုန်လှုပ်ရှား ဈေးဝယ် ဈေးရောင်း ခဲ့ကြတဲ့ သူတွေများသည် မောမောပန်းပန်းနှင့် အနားယူ အိပ်စက်နေကြသည်။ တစ်ချို့ သော မိန်းမကြီးတွေကတော့ လူစုံတုန်း ဝိုင်းဖွဲ့ ဆိုသလို ရပ်ရေးရွာရေးကို နဖူးတိုက်ဒူးတိုက် တိုင်ပင်ဆွေးနွေး နေကြသလိုလိုပင်။ ဟိုတစ်ဖွဲ့  ဒီတစ်ဖွဲ့ ။


ကျွန်တော်သည်လည်း မဝေးလှတဲ့ခရီးကို တစ်နာရီကျော် စီးရသည့် တုံ့ ဆိုင်းဆိုင်း သင်္ဘောပေါ်တွင် ဘောလုံးဂျာနယ် တစ်စောင်ကို ဖတ်ရင်း အချိန်ဖြုန်းနေမိသည်။ တစ်ခါတစ်ခါ ခပ်ပြင်းပြင်းရိုက်ခတ်လာတဲ့ လေကြမ်းကြမ်းတွေကြောင့် သင်္ဘောကြီး ဘယ်ညာလူးလျက်ရှိနေပြန်သည်။ တစ်ခါတစ်ခါကျတော့ လေမိုးငြိမ်လို့  လှိုင်းလေးတွေ ငြိမ့်ငြိမ့်လေးသယ်ဆောင်ပြန်သွားသည်။


အဏ္ဏဝါထက်တွင် သင်္ဘောတစ်စင်းပေါ် စီးနင်းလိုက်ပါ လာတဲ့သူနှင့် လှေငယ်လေး တစ်စင်း လှော်ခတ် သွားကြတဲ့သူများ၏ စိန်ခေါ်သံများ ကွာခြားပေလိမ့်မည်ဟု တွေးမိပြန်သည်။ လက်တွေ့ ဘဝ ပင်လယ်ပြင်မှာလည်း ကျွန်ုပ်တို့ က ကံကြမ္မာ မျက်နှာသာပေးမှုကြောင့် လုံခြုံမှုအနည်းငယ်ရှိသည့် သဘောင်္စီးခွင့်ကြုံခဲ့ရပြီးဖြစ်သည်။ တစ်ခါတစ်ရံ လှိုင်းလေကြမ်းချင် ကြမ်းပါမည်။ သင်္ဘော ဘယ်ညာလူးချင် လူးပါမည်။ ကျွန်ပ်တို့ ဘဝ ခဏတာ ယိမ်းယိုင်ချင်လည်း ယိမ်းယိုင်မိပါလိမ့်မည်။ ဒါပေမဲ့ အကြာကြီးတော့ တွေဝေငေးငိုင်ဆွေးမြေ့ နေစရာမလိုဘူးထင်ပါသည်။ ဘာကြောင့်လဲဆိုတော့ လှေငယ်ကလေးနှင့် အဏ္ဏဝါပြင်မှာ အသက်ကိုလောင်းကြေးထပ်ပြီး လှော်ခတ်နေကြတဲ့ လှေငယ်များရဲ့ ပဲ့ကိုင်ရှင်၏ မာန် ကို မြင်မိတွေ့ မိ အားကျမိသွားသောကြောင့်ပင်။


သင်္ဘောကတော့ ပုံမှန်အတိုင်း အင်ဂျင်စက်သံတညံညံနှင့် လိုရာခရီးခုတ်မောင်းလျက်ရှိနေသည်။ လှိုင်းတွေကလည်း သင်္ဘောကိုယ်ထည်ကို ဒေါသတကြီး တစ်ခါတစ်ရံ ဝင်ဆောင့်လျက်။ အတွေးများနှင့် ကျွန်တော်လည်း လေအဝှေ့ မှာ လာစင်သည့် မိုးရေစက်များကြောင့် ………..

နေရောင်မဖြာခင်

Thursday, July 23, 2009

18 comments

မနက်ရောင်ခြည်ဦးမှာ လေညှင်းတစိမ့်စိမ့်ခတ်လို့ 

ပန်းဝတ်ရုံထက်မှာ ရေမှုန်လေးတွေ ခိုဆင်းခဲ့တယ်

လတ်ဆတ်တဲ့ရနံ့ နုနုကြားမှာ တွဲရရီမှေးစက်ရချင်ရဲ

ကြွေလွင့်ပျောက်ကွယ်ရမဲ့ နေရောင်မဖြာခင်အထိပေါ့

ရင်နှင့်ရင်း၍ (ခ) ကဆုန်ပေါက်နေသော ကောမန့် များ (တဂ်ပိုစ့်)

Saturday, July 18, 2009

17 comments
“အဆုံးစွန်သော ပျော်ရွင်မှုဆိုတာ လူတွေ ကိုယ့်အပေါ်မေတ္တာထားတယ် ဆိုတာ သိရခြင်းပဲတဲ့”

အပေါ်က ဒသန စကားစုလေးကို မဂ္ဂဇင်းတစ်အုပ်မှာ ကြိုက်လို့  ကူးထားမှတ်ထားခဲ့တာပါ။ ဟိုတုန်းက ရေးရေးလေး သာမြင်ခဲ့တဲ့ ဒီစကားစုဟာ ဘလော့ရွာထဲမှာ ကဗျာမပီ စာမပီ တွေရေးနေတဲ့ အခုအချိန်မှာ ပိုနားလည်ခဲ့မိတယ်။ ခင်မင်မှုအနေနှင့် အော်သွားတဲ့ စကားလုံးပဲဖြစ်ဖြစ်၊ တဂ်ပိုစ့်ခေါင်းစဉ်ပြောသလို ရင်နှင့်ရင်းပြီး မွေးဖွားလိုက်တဲ့ စကားလုံးပဲဖြစ်ဖြစ် အားလုံးသော စကားလုံးကောမန့် တွေဟာ စာရေးသူ တစ်ယောက်အတွက် ပျော်ရွင်မှုအဟာရ ပေးဆောင် စားသုံးစေသလိုပါပဲ။

ကျွန်တော် ဘလော့ဆိုတာကို မရင်းနှီးခင်တုန်းက “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကျောင်းအမှတ်တရ အနေနှင့် ကဗျာတစ်ပုဒ်ကို မော်လမြိုင် နည်းပညာတက္ကသိုလ် ဝဘ်ဆိုဒ်မှာ ပထမဦးဆုံး တင်ဖြစ်ခဲ့ပါတယ်။ နောက်နေ့ ကျတော့ ကဗျာ့အောက်မှာ စီနီယာတစ်ယောက်ဖြစ်တဲ့ ကိုမင်းသူ ဆီကနေ ပထမဆုံးသောကောမန့်  ကို ရရှိခဲ့ပါတယ်။ အဲဒီနေ့ ကစပြီး ကျွန်တော် စာရေးချင်တဲ့ ပိုးတွေ ထိုးရွလာပါတော့တယ်။ စည်းဝိုင်း အပြင်မှာပဲ လက်ခုပ်တီးတတ်တဲ့ ကျွန်တော် စည်းဝိုင်းအတွင်းကို ပို့ ဆောင်ပေးတဲ့ ကောမန့်  ဆိုလဲ မမှားဘူးပေါ့။

ကျွန်တော် ၂၀၀၉ ဇန်နဝါရီ ၂၈ ရက်နေ့ မှာ “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကဗျာနှင့်ပဲ ဘလော့အိမ်ကို လူမသိသူမသိ ဘလော့ရွာမှာ စတင်တည်ဆောက်ခဲ့တယ်။ ကဗျာလေးပုဒ် ရေးပြီးတဲ့အချိန်ထိ လူကြားမှာ ချပြဖို့  မဝံ့မရဲ ဖြစ်နေတုန်းပါပဲ။ လမ်းညွှန်ဆိုင်းဘုတ် လည်းမတပ်ခဲ့သလို နီးစပ်ရာအိမ်တွေ လည်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ဘလော့ မလုပ်ခင်ကတည်းက ရင်းနှီးတဲ့ မကြယ်ပြာ နှင့် မမြရေလျဉ် တို့ နှစ်ယောက်ကို လာလည်ဖို့  ဘလော့လိပ်စာကို ရင်တထိတ်ထိတ်နှင့် စပေးခဲ့တယ်။ မနက်ခင်းနှင့်အတူ လွမ်းနေဆဲ ဆိုတဲ့ ပိုစ့်မှာ အဦးဆုံး ကောမန့် ကို မကြယ်ပြာ ဆီကနေ ရရှိခဲ့သလို သူ့ အိမ်မှာလည်း လင့်ချိတ်ပေးခဲ့သေးတယ်။ အဲဒီ ကောမန့် ဟာ ကျွန်တော့်ဘလော့ရဲ့  ခြေလှမ်းအစ ကို ချိုမြိန်စေခဲ့တယ်။

လမ်းလျှောက် တတ်ကာစ ကလေးတစ်ယောက် အတွက် ယုံကြည်မှု ဆိုတာ မရှိမဖြစ် လိုအပ်သလိုပဲ ဘလော့ရေးခါစ အစောပိုင်းကာလတွေမှာ အားပေး တွဲခေါ်ခဲ့ကြတဲ့ ကောမန့် ပိုင်ရှင်တွေဆိုလည်း မေ့လို မဖြစ်တဲ့ တွဲလက်များတွေပါ။ နောက် ဘလော့စတင်ပြီး ယနေ့ အထိ မြေသြဇာ ဖြည့်ပေးခဲ့ကြတဲ့ ကောမန့် စကားလုံး အားလုံးအားလုံး တွေ ကြောင့် ကျွန်တော်အိမ် ရှင်သန်ရပ်တည် နိုင်ခဲ့တယ်ဆိုတာ မပိုသော စကားတွေပါ။ ကဆုန်ပေါက်နေသော ကောမန့် စကားလုံးများလို့ တိတ်တိတ်လေး ကျွန်တော် နာမည် ပေးထားတဲ့ ဒီကော်မန့် အားလုံးကို ရင်နှင့်အမျှ တန်ဖိုးထားပါတယ်။

အပင်တစ်ပင်စိုက်ရင် သီးပွင့်လာမဲ့ သစ်သီးတွေ မျှော်ရသလို ကျနော့် ရေးလိုက်တဲ့ ကဗျာမဟုတ် စာမဟုတ် ခေါင်းစဉ်တပ်လို့ မရတဲ့ စာတစ်ချို့ အတွက်လည်း အားနာနာနှင့်ပဲ ကောမန့် တွေ ထပ်မျှော်နေမိအုံးမှာပါ။ တဂ်ပိုစ့်အဖြစ် တဂ်ထားကြတဲ့ ကိုသားကြီး နှင့် ရေတမာ တို့  ကျေနပ်ကြမယ်လို့  ထင်ပါတယ်။ တဂ်ပိုစ့် ဆိုတဲ့အတိုင်း ထပ်တဂ်ချင်ပါတယ်။ ဘယ်သူပေါက်လဲဆိုတာ ကံစမ်းမဲ နှိုက်ကြည့်ကြပါလား။ ပျော်စေချင်လို့  :)
ကံစမ်းမဲ.........

ဆေးမလွင့် အနံ့ မပြယ်

Monday, July 13, 2009

18 comments
လက်မှာ လွယ်အိတ်မည်းမည်း တစ်လုံး ဆွဲထားပြီး ခပ်သုတ်သုတ် လျှောက်နေတဲ့ လူတစ်ယောက်။ အင်းးးး လျှောက်သည် ဟုဆိုရမှာထက် ပြေးသည်ဟု ဆိုရရင် ပိုမှန်မလားပဲ။ အောက်ပိုင်းမှာ အုန်းနှစ်ပင် အစိမ်းရင့်ရင့်နှင့် အပေါ်ပိုင်းမှာ အဖြူ လည်ကတုံးကို တွဲဝတ်ထားသည် ဆိုတော့ ထိုလူသည် ကျောင်းသား ဟုတ်ရင်ဟုတ် မဟုတ်ရင် ကျောင်းဆရာပေါ့ဟု စုံထောက် ဦးစံရှားလို တွေးလိုက်သည်။ အနားသို့  နည်းနည်းနီး လာတော့ ထိုလူသည် မျက်စိလေးလုံး နှင့်လူ (ဝါ) မှန်ကြောင် ဆိုသော ဘွဲ့ ထူး ကိုလည်း ပိုင်ဆိုင်မှန်း တွေ့ လာသည်။ ကျွန်တော်တို့ ရွာလေးမှာ ထိုကျောင်းဆရာ ဘယ်တုန်းက ရောက်လာပါလိမ့်။ ကိုယ့်နှင့်ရွယ်တူ ထိုကျောင်းဆရာ ပြေးနေတာကအကြောင်းမဟုတ် ကိုယ်လိုရွာမှာ အလုပ်မရှိအကိုင်မရှိနှင့် လမ်းပေါ်မှာ လှည့်ပတ်နေတဲ့ ကောင်အတွက် မျက်နှာပူမိတာအမှန်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေတဲ့သူကိုကြည့်ရင်း တစ်ခုခုကူညီဖို့  ထိုကျောင်းဆရာအနီး အရောက်မှာ ဆိုင်ကယ်လီဗာ နည်းနည်း လျှော့လိုက်သည်။


ကျောင်းဆရာ ကျောင်းဆရာ

ကျွန်တော့် အော်ခေါ်သံ ကြားတော့ ထိုကျောင်းဆရာက လှည့်ပင်မကြည့်ပဲ စကားတစ်ခွန်း လှမ်းပြောလိုက်သည်မှာ ချိုသက်သက်။

ဆိုင်ကယ်တက္ကစီ မလိုဘူးဗျ

မဟုတ်သေးပါဘူး ဒီကျောင်းဆရာတော့ ဆိုပြီး ထပ်ဆင့် ကျွန်တော့် အော်ခေါ်သံကြားမှ ထိုကျောင်းဆရာ မျက်မှန်ကိုလည်းပင့် နဖူးက ချွေးတွေလည်း တပြိုင်နက် သုတ်လိုက်ပြီး အနောက်ဖက် စောင်းကြည့်သည်။

ဘာလဲခင်ဗျ ………ဟာ မင်းးးးးးးးးးးး

ဘုဆတ်ဆတ်ဘက် ယိမ်းနေတဲ့အသံကနေ အံ့သြတဲ့ အသံဘက် ချက်ချင်းပြောင်းသွားတဲ့ ထိုကျောင်းဆရာ၏ အသံကို ကျွန်တော်ချက်ချင်းမှတ်မိသွားသလို ပါးစပ်ကနေ ထွက်သွားမိတာက

ဟာ……… ငပြဲ

ကျွန်တော့်အသံလည်း ကြားရော ကျောင်းဆရာ(ခ)ငပြဲမျက်နှာ ချက်ချင်းအိုသွားသည်။ ငပြဲ ဆိုတဲ့ ငယ် နာမည်ကြောင့် ဖြစ်သည်။ အနားမှာ ဖြတ်သွားတဲ့ ကျောင်းသား/ကျောင်းသူလေးတွေ မရှိသေးလို့  တော်သေးသည်ဟု တွေးရင်း

လိုက်ခဲ့ သူငယ်ချင်း။ ဟိုဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်ကြရအောင်။ ကျောင်းတက်ဖို့  နာရီဝက် လိုသေး တာပဲ မဟုတ်လား။

အားးးးးးးးမရဘူး မရဘူး ငါထိုင်လို့ မရဘူး ထိုင်လို့ မရဘူး

ပလုံးပထွေးနှင့် ငပြဲ (ဝါ) ကျောင်းဆရာ အကြောက်အကန်ငြင်းသည်။ ဆယ်နှစ်ကျော် ခွဲခွာပြီးမှ တွေ့ ရတဲ့ သူငယ်ချင်း တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင် ခဏထိုင်ဖို့  အကြောက်အကန် ငြင်းနေမိတဲ့ ကျောင်းဆရာကို စိတ်ထဲ နည်းနည်းတော့ ချဉ်မိသွားသည်။

အိုကေ ကျောင်းဆရာ အချိန်မှ မပေးနိုင်တာကွာ သွားကြတာပေါ့

.-._.-._._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-.


ညီအစ်ကို မသိတသိ အချိန်ရောက်တော့ ကျောင်းဆရာ တစ်ယောက် ကျွန်တော်တို့ အိမ်ကို ရောက်ချလာ ပါတော့တယ်။ မနက်တုန်းက ဒီဇိုင်းနဲ့ မဟုတ်တော့။ ဝတ်စုံ ပြောင်းသွားသလို လေသံကလည်း တက်ကြွမှုနှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သူကပဲ စခေါ် နေသေးသည်။ ကျွန်တော် နည်းနည်း ချဉ်နေသးတဲ့ အရှိန်က မပြေသေးပေမဲ့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင် အတူတူရောက်ဖြစ်သွားကြသည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျောင်းဆရာ၏ ရင်တွင်းစကားတစ်ချို့ ဖွင့်ဆိုလိုက်ပုံက ဒီလို ဒီလိုပါတဲ့ခင်ဗျာ.....

သူငယ်ချင်း ငါမနက်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်မိရင် ငါ့ယူနီဖောင်းက ငါ့ကြောင့် ဒဏ်ရာ ရသွားလိမ့်မယ်။ အခြား လူတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် အပြစ်ပြောတဲ့သူ မရှိပေမဲ့ အဖြူနှင့် အစိမ်း ဝတ်စုံ ဝတ်ပြီး လက်ဖက်ရည်ဆိုင်မှာ လေပေါနေရင် ငါ့တပည့်တွေ နှင့် တပည့်မိဘတွေက အပြစ်မပြောပေမဲ့ လေးစားခြင်းတွေ ပျက်တယ်ကွ။ ရှေးရှေးဆရာ၊ဆရာမတွေ ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ဒီယူနီဖောင်း ဂုဏ်သိက္ခာ က ငါတို့ ခေတ်သစ်ဆရာတွေ လက်ထက်ကျမှ မြောင်းထဲ မရောက်စေချင်ဘူး။ ဖြူစင်ခြင်းဆိုတဲ့ အဖြူရောင်ရဲ့ ဂုဏ်သတ္တိ ကို ငါတန်ဖိုးထားတယ်။ ဇွန်ဇူလိုင် ကျောင်းဖွင့်ရာသီနှင့် အပြိုင် စိမ်းလန်းနေတဲ့ ပတ်ဝန်းကျင်နှင့်အတူ စိမ်းလန်းဖျတ်လတ်လှတဲ့ ငါတို့ ရဲ့  အစိမ်းကို တန်ဖိုးထားတယ်။ ဘယ်တော့မှ ငါတို့ ခေတ်သစ်ဆရာတွေကြောင့် မည်းညစ်သွားတဲ့ အစိမ်းရောင် နှင့် အဖြူရောင် ယူနီဖောင်း အဖြစ် မမြင်စေချင်တာပါပဲ။

ဒီစကားလုံးရဲ့ အတိမ်အနက် တွေကို ကြည့်ရင်း ရွယ်တူသူငယ်ချင်းကျောင်းဆရာတစ်ယောက်ရဲ့  ကျောင်းဆရာယူနီဖောင်းအပေါ် တန်ဖိုးထားမှုကို ကျွန်တော်ချီးကျူးမိတာတော့အမှန်။ ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ တန်ဖိုးတက်တာပါတဲ့။ တန်ဖိုးမထားတော့ရင် ရှေးရှေးတုန်းက သတ်မှတ်ခဲ့တဲ့ ယူနီဖောင်း အရောင်အဓိပ္ပါယ် ဟာ ဆေးလွင့်သွားသလိုပါပဲ။ ယနေ့ အထိ အဖြူနှင့် အစိမ်း ဆင်မြန်းထားတဲ့ ဆရာ၊ဆရာမတွေရဲ့  ဝတ်စုံကကတော့ သူတို့ ထိန်းသိမ်းတဲ့ ဂုဏ်သိက္ခာကျက်သရေ ရနံ့  အပေါင်းနှင့်အပြိုင် မွှေးဆဲ လန်းဆဲ ။။။။။

မိညိုသို့ (ဝါဆို လွမ်းချင်း)

Wednesday, July 1, 2009

17 comments
ရပ်ရှစ်မျက်နှာပတ်လီ အုံ့ မှိုင်းမှိုင်းဖြစ်နေတတ်တဲ့ ဒီဝါဆိုခါသမယ... တစ်ချိန်တုန်းက ကြာပန်းကြာစွယ်ကို ချိုးပြီး လည်မှာ ဆွဲလို ပျော်နေတတ်တဲ့ မိညို..... ပျိုးထောင်ပျိုးကြဲ ထားကြပြီးလို့  စိမ်းစိမ်းလန်းလန်း ဖြစ်နေပြီး ဖြစ်တဲ့ လယ်ကွင်းပြင်ကြီးနားက လယ်တဲနဘေးမှာ ရွံ့ နှင့် လုပ်ထားတဲ့ အိုးပုတ်ကလေးတွေနှင့် ကစား နေတတ်တဲ့ မိညို… တစ်ခါတစ်လေ အမူအရာအပြည့်နှင့် တကြော်ကြော် အော်ဆိုကခုန်နေတတ်တဲ့ မိညို…သူမ ခဏခဏဆိုလို့  ကျွန်တော်တောင် လိုက်ဆိုမိတဲ့ ဆရာကြီး မင်းသုဝဏ်ရေးခဲ့တဲ့ ကလေးကဗျာ အပိုင်းအစ

“မိုးရေ တက်ရေ
တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။


နောက်ပြီး ရှိပါသေးတယ် မိညို… “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုတဲ့အတိုင်း မိုးတွေကြီးလို့  ကျောင်းသွားတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ ရေတွေလျှံတက်တဲ့အခါမှာဆို စက်ဘီးတွေတွန်းပြီး ရေထဲလျှောက်ရတာ ပျော်နေတတ်သေးတယ်မဟုတ်လား…မိုးကြမ်းကြမ်းတွေ ခြွေလို့  အပင်အောက်မှာ မြေခ နေရတဲ့ ခရေပွင့် လေးတွေ ကိုလည်း ဆရာမ အတွက်ဆိုပြီး ငါ့ကိုပါ ဝိုင်းကူ ကောက်ခိုင်း တတ်သေးတယ်။ နင်တို့ အိမ်မှာ ကြာရိုးကြာစွယ် နှင့် ပုစွန်ဟင်း ပူပူစပ်စပ်လေးချက်တဲ့နေ့ တွေဆိုရင် မိုးချမ်းချမ်းမှာ ချွေးပြန်အောင် ဝင်စား ခဲ့တာတွေလည်း ဘယ်မေ့လို့  ရမလဲဟာ။

လရာသီတွေ တစ်လှည့်ပြီး တစ်လှည့် ခစားဝင်ရောက်သလို ငါတို့ တွေလည်း တစ်နှစ်ပြီး တစ်နှစ် အသက်တွေ ကြီးလာခဲ့ပေမဲ့ ဒီလဝါဆို ရောက်ရင် နင်ရောငါရော ရွာကိုအလည်ပြန်ကြမြဲ။

ငါတို့ ရွာက ချောင်းနှင့် ဝေးတော့ တောင်ပေါ်ဘုရား အနီးအနားမှာ အလေ့ကျပွင့်နေတဲ့ ပန်းတွေကို ခူးပြီး ဘုရားမှာ ကပ်လို့  ဝါဆိုပန်းခူး အလေ့ကို နွှဲကြတယ်နော်။ ဆယ်တန်းအောင်ကာစ ငါတို့  ပထမဆုံး အတူတူ ဝါဆိုပန်းခူးထွက်တုန်းက သူငယ်ချင်းတွေစကြလို့  ရှက်သွေးဖြာနေတဲ့ နင့် မျက်နှာ နီနီလေးကိုကြည့်ပြီး ငါ လူပျိုစိတ် စဝင်ခဲ့ဖူးတယ် မိညို…

ဒီလရာသီမှာ ဘုန်းကြီးတွေ ကျောင်းမှာပဲ ဝါကပ်တဲ့ ကာလမို့ လို့  ဥပုသ်နေ့ တိုင်း ရွာထိပ် ဘုန်းကြီးကျောင်းမှာ တရားပွဲ အမြဲရှိတယ်။ တစ်ခါက ဘုန်းကြီးကျောင်းကနေ ငါတို့ အဘိုးကို လိုက်ပို့ ပြီး အပြန်မှာ နင်က နင့်အဘွား နှင့်အတူ ဆွမ်းချိုင့်လေး ဆွဲပြီး တရားနာသွားတော့ “သူတော်စင်မလေး” ဆိုပြီး ဆိုင်ကယ် ပေါ်ကနေ ငါ လှမ်းစတော့ “ငရဲကြီးမယ်နော် မစနဲ့ ” ဆိုပြီး လူကြီး ဂိုက်နဲ့  နင့်ပုံစံလေး ကလည်း အေးချမ်းလှတယ် မိညို…

“သံဃာတော်များ စိမ်းစိုတဲ့ မြက်ခင်းနှင့် ပိုးမွှား အစရှိတဲ့ သတ္တဝါတွေကို နင်းခြေမိမှာ ကြောက်လို့  မိုးတွင်း ကာလမှာ ဒေသစာရီ ကြွချီရင် ပါစိတ် အာပတ်သင့်၏ လို့ မြတ်စွာဘုရားက ဆုံးမ ခဲ့တာကို အကြောင်းပြုပြီး ဝါတွင်း သုံးလပတ်လုံး သံဃာတော်များ ကျောင်းဂန်မှာပဲ ဝါကပ်ပြီး ခရီးသွားခြင်းကို ရှောင်ကျဉ်ခဲ့တာ ယနေ့ အထိပဲ” ဟု စာသံပေသံနှင့် ငါ့ကို တရားအသိတွေ ပြောပြတိုင်း ပြုံးချင်ချင်ဖြစ်နေတတ်တဲ့ ငါ့မျက်နှာကို တွေ့ ပြီး စိတ်ဆိုးသွားတတ်သေးတယ်။ ငါက လှောင်တာမဟုတ်ဘူး သဘောကျလို့  ပြုံးသွားတာကို နားလည်ပါလေ မိညို…

ငါအလုပ်လုပ်တဲ့နေရာကနေ ပြတင်းပေါက်ကိုကျော်ပြီး လှမ်းကြည့်တော့ အခု မိုးတွေတဖွဲဖွဲရွာနေတယ် မိညို.. မိုးတွေ ရွာမှာပေါ့ ဝါတွင်း ရောက်ပြန်ပြီးလေဟာ။ အရင်တုန်းကလို နင့်ကို ကြာပန်းကြာစွယ် လည်ဆွဲလေးနှင့် မျက်စိထဲ ပြန်မြင်ယောင်မိတော့ မျက်နှာနုနုလေးကို လွမ်းမိသားဟာ။ ဝါဆိုပန်းခူးမှာ နင်တစ်ယောက်ထဲနှင့် ဝါးခြင်းထဲမှာ ခူးထားတဲ့ပန်းတွေ နည်းလို့  အားငယ်နေရော့မလား။ အဲဒီအခါကျရင် ပန်းအလုအယက် အတူတူ ခူးပေးဖူးတဲ့ ငါ့ကို သတိရပေးပါနော်။ ဘုန်းကြီးကျောင်းကနေ တရားနာပြီးလို့  ပြန်လာတိုင်း တစ်ဆင့်နားထောင်ပေးမဲ့သူ မရှိတဲ့ အခါမှာ “သူတော်စင်မလေး” လို့  စနောက်တတ်တဲ့ ပုရိသ တစ်ယောက် ကိုရော ဝါဆိုးမိုးနှင့်အတူ သတိရနေမှာလား။

မိုးတွေရွာလို့  မြန်မာပြည်အလွမ်းအနေနှင့် စိတ်ကူးယဉ်ရေးဖွဲ့ ထားခြင်းဖြစ်ပါတယ်။ ဒီနေရာအထိ ဖတ်ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်...

 

Posts Comments

©2006-2010 ·TNB