ဇင်ယော်မျက်ရည်ဝေ့သီသီ

Saturday, September 26, 2009

20 comments
ပုံကို (Google) ထဲတွင် ရှာဖွေထားပါသည်။


တလိမ့်လိမ့်ယိမ်းခါကခုန်နေကြသည့် လှိုင်းတွေပေါ် လျှပ်တိုက်ပျံသန်းရင်း ပျော်ပါးသီကြွေးနေကြတဲ့ ဇင်ယော်ငှက်တို့ ၏ တေးသံသည်ကပင် ကျုပ်အတွက် အပန်းဖြေစရာပင်မဟုတ်ပါလော။ ကျုပ်ကိုယ်တိုင် စိတ်တိုင်းကျ တည်ဆောက်ထားတဲ့ ဇင်ယော်လို့ အမည်ခံ လှေသမ္ဗာန်ငယ်လေးနှင့် ဒီမြစ်ပြင်ကျယ် ခရီးလမ်းကို နေဝင်မှနေထွက် ကျင်လည်ခဲ့တာ ဘဝရဲ့သက်တမ်းသုံးပုံတစ်ပုံလောက်ပင် ရှိနေပြီ။ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း စုန်ဆန်ကူးရင်း ကူးတို့ ခတ်သမားအဖြစ်နှင့်တစ်မျိုး ၊ ငါးဖမ်းသမားအဖြစ်နှင့်တစ်ဖုံ ဒီမြစ်ရေပြင်ကျယ်ပေါ်မှာ ဘဝအစုံစုံကျင်လည်ခဲ့တာ ကျုပ်အတွက် ပင်ပန်းလွန်းပေမဲ့ စိတ်ချမ်းမြေ့ စရာတွေပါ။

ညတွေမှာ သုခိတာဆေးပေါ့လိပ် ရှိုက်လို့ ကဗျာဆန်ဆန် ကြယ်ကလေးတွေကို ရေတွက်နေတတ်တယ်ဆိုရင် ဘဝသမား ကျုပ်ကို ခင်ဗျားတို့  ရယ်ကြမလားပဲ။ နီယွန်မီးအလင်းရောင်ထက် မှောင်မှောင်မည်းမည်းနှင့် လမိုက်ညလိုဟာမျိုး၊ လရောင်ဆမ်းတဲ့ ရေပြင်ထက်က လရိပ်ထင်တဲ့ညတွေမျိုးကို သဘာဝထဲစီးမျောရင်း ကျုပ်က အပြည့်အဝခံစားပြစ်လိုက်တာ။ အဲဒီလို သဘာဝရဲ့လက်ဆောင်တွေ ဘယ်လောက်ငြိမ်းချမ်းလဲဆိုတာ လူတော်တော်များများက သိချင်မှ သိမှာပါ။

နေတတ်ရင် ဘဝဟာ ကျေနပ်စရာပါ ဆိုတဲ့စကားက ကျုပ်အတွက် မှန်ကန်လွန်းနေပြန်တယ်လေ။ ကြည့်ပါအုံး ကျုပ်မှာ ပိုင်တာဆိုလို့  ဒီလှေသမ္ဗာန်တစ်စီးပဲရှိတယ်။ အသိုက်အမြုံ အိမ်ဆိုတာ ကျုပ်အတွက် တွေးမျှော်မှန်းစရာ အိပ်မက်ပမာ ရှိနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ဒီလှေသမ္ဗာန်ပေါ်မှာပဲ ကျောတစ်နေရာစာ ချရဖို့ ၊ မနက်ဖြန်တွေမှာ သမုဒ္ဒရာဝမ်းတစ်ထွာဖြည့်ဆည်းဖို့  ဆိုတာတွေက သိပ်အခက်အခဲကြီးမဟုတ်တော့ ပူပန်တတ်တဲ့စိတ်ဆိုတာ ကျုပ်နဲ့ မဆိုင်သလိုပါပဲ။ အဲဒါကြောင့် ပြောတာပေါ့ ကျုပ်က ဘဝမှာ ပျော်ရွင်နေတဲ့ လူသားတစ်ယောက်ဆိုတာကိုလေ။

ကျုပ်ရဲ့ အခြားတစ်ဖက်မှာ ရပ်တည်ရှင်သန်နေကြတဲ့ ကူးတို့ စီးနင်းလိုက်ပါကြသူတစ်ချို့ ရဲ့ မျက်နှာကို အခုတလော ကျုပ်သေသေချာချာ သတိထားမိကြည့်တယ်။ ပင်ပန်းဖျော့တော့နေတဲ့မျက်ဝန်းတွေ ၊ ကြောက်ရွံထိန့် လန့် နေကြတဲ့ နှုတ်ခမ်းတွေ ၊ သောကဖိစီးလို့  ချောင်ကျနေတဲ့ ပါးပြင်ချိုင့်ချိုင့်တွေကို ကျုပ် နားမလည်စွာနှင့် ငေးမောအဖြေရှာနေမိတယ်။ သူတို တွေ ဘာကြောင့်ဒီလို သောကဝန်တွေ ပိနေရလဲဆိုတာ အကြောင်းစုံမသိခင်တုန်းက သာမာန်ကာလျှံကာပဲ ကျုပ် သဘောထားမိခဲ့တယ်။

ရိက္ခာတွေ ပြတ်တဲ့တစ်နေ့ ကုန်းပေါ် ရောက်မှပဲ ကျုပ်အကြောင်းစုံသိခဲ့ရတယ်။ ကျုပ်တို့ နယ်ဘက်ရဲ့ ရွှေဖြူ တောကြီး(ရာဘာခြံ)တွေ အလဲလဲ၊အပြိုပြို နဲ့  မြင်မကောင်းအောင် ခုတ်ထစ်ခံနေရတယ်။ ကျုပ်တို့ နယ်ဘက်က လူတွေအားလုံးရဲ့ အသက်သွေးကြောဆွဲနှုတ် လှန်ပစ်ခံနေရတာ ရင်မဆံ့အောင် မြင်ခဲ့ရတယ်။ ဒီခြံလုပ်ငန်းကိုပဲ မှီခိုပြီး နေသားကျနေပြီဖြစ်တဲ့ ကျုပ်တို့ နယ်သားတွေရဲ့ ဘဝ ယိမ်းယိုင်ရတော့မဲ့အရေး ကျုပ်လို ဘာမှမရှိ လှေသဗ္ဗာန်တစ်စီးနဲ့ ရောင့်ရဲနေထိုင်တတ်တဲ့လူတောင်မှ စိတ်မခိုင်နိုင်တော့ပါဘူးဗျာ။

နောက်ပြီး မြို့ တော်ကြီးမှာ တက္ကသိုလ်ပညာ သင်ကြားခြင်းပြုနေကြတဲ့ ခြံစိုက်သူတွေရဲ့ သားသမီးတွေဟာလည်း ကမန်းကတန်း ရွာကို အပြေးပြန်လို့  သူတို့ နောင်ရေး ဆက်ရန်ရှိ၊မရှိ ရင်တထိတ်ထိတ်နှင့်မျက်နှာတွေကို ကြည့်ရင်း ကျုပ်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ တကယ်ဆို လတ်ဆတ်ပျိုမြစ်နေရမဲ့  အရွယ်တွေပါ။ သူတို့ လေးတွေကို ညှိုးနွမ်းခြောက်သွေ့ သွားအောင် လုပ်သွားတဲ့ တရားခံက မသိကျိုးကျွန်ပြုနေနိုင်တာကိုကျတော့ ရက်စက်တယ်လို့ ဆိုရမလား။ ယုတ်မာတယ်လို့ ဆိုရမလားပဲ။ ကျောက်ခဲလိုမျိုး နေတတ်တဲ့ ဘဝသမား ကျုပ်ကိုယ်တိုင်တောင်မှ မျက်ရည်စို့ နေပြီဗျာ။

လှိုင်းကြားထဲမှာ ပျော်နေတတ်တဲ့ ဇင်ယော်ငှက်တစ်ကောင်လို ကျုပ်လည်း ဘယ်တော့များ မြစ်ရေပြင်အောက် လျှိုလို့  အသက်မွန်းရမဲ့နေ့ ရက်ရောက်လာအုံးမလဲမသိဘူး။ အဲဒီအခါကျရင် သဘာဝအလှအပရဲ့ အဝေး၊ ရိုးသားဖြူစင်တဲ့ အပြုံးတွေနဲ့  ကျောခိုင်းမဲ့ပင်လယ်ပျော်ဇင်ယော်တစ်ကောင် အနေနှင့် ကျုပ်လည်း အခြားပင်လယ်အတုတစ်ခုမှာ မျက်ရည် တဝဲလည်လည်နှင့် ခဏတာ မှီခိုဖြစ်မိအုံးမယ်ထင်ပါတယ်။

 

Posts Comments

©2006-2010 ·TNB