အဏ္ဏဝါထက် ဖြန့် ကျက်မိသော အတွေးကွန်ယက်များ

Thursday, July 30, 2009


ကောင်းကင်ထက်မှ ခရမ်းရင့်ရောင်ပုတ်ပုတ် မိုးသားအလိပ်လိပ်တို့ သည် မြေပြင်တခွင်ပေါ် မှိုင်းမှိုင်းညှိ့ ညှိ့ နှင့် ဖြန့် ကျက် ခင်းထားသည်။ မကြာခင် သည်းသည်းမည်းမည်း ရွာချတော့မည့်ဟန် ဆောင်နေတဲ့ မိုးသားတွေနှင့် အပြိုင် မော်လမြိုင်(ဈေးကြီးဆိပ်ကမ်း)မှ သမိန်းဗရမ်း နှစ်ထပ်သင်္ဘောသည်လည်း ဒေါမာန်ပြင်းသည့် လှိုင်းကြမ်းထက်ကို ဖြတ်ပြီး ဘီလူးကျွန်းဆီသို့  ခုတ်မောင်းရန် တာစူလျက်ရှိပေသည်။


မိုးမလာခင် ကုန်တင်ကုန်ချ အလုပ်သမားများသည် ကုန်ပစ္စည်းများကို ထမ်းပြီး သဘောင်္ပေါ်သို့  တသုတ်သုတ်နှင့် တိုးဝှေ့ တင်ဆောင် နေကြသည်။ အခေါက် အရေအတွက်များများ ရမှ လုပ်အားခ ပိုထွက်မည် ဖြစ်သလို မိုးတွေ စိုကုန်မှာစိုးလို့ အလျင်အမြန် ပြေးလွှားမိကြတော့ ခရီးသည်အချို့ နှင့် ထိမိခိုက်မိပြန်သည်။ နားလည် ကိုယ်ချင်းစာတတ်တဲ့သူများက ဘေးဝဲယာ ကပ်ပေးကြသလိုပဲ တစ်ချို့ တွေကြတော့ ချွေးတွေပြန် ညစ်ပတ်ပေကျံ နေကြသော အလုပ်သမားတွေကို နှာခေါင်းရှုံ့ ပြီး ဘေးယာ ကပ်ကြသည်လည်း ရှိသည်။


သင်္ဘောထွက်ရန် နာရီဝက် လိုသေးသဖြင့် ကျွန်တော်လည်း ဘောတံတား ဘေးကနေ အေးအေးလူလူပင် ဆင်းလာခဲ့သည်။ သင်္ဘောအဝင် ဘေးယာတွင် ယာယီ ထီးကလေးတွေနှင့် စာကလေးခွေ ၊ ပဲပြားအစာသိပ် စသည့် မုန့် ပဲ သရေစာများစွာကို ရောင်းချနေကြတဲ့ ဈေးသည်များ ပြည့်ကျပ် နေသဖြင့် သင်္ဘောပေါ်သို့  တော်တော်နှင့် မလှမ်းနိုင်။ မိုးကလည်း သည်းစပြု နေပြီးဆိုတော့ သင်္ဘောပေါ်သို့  ရောက်ရန် စိတ်လောနေသော ခရီးသည်တစ်ချို့ မှ စည်းကမ်း မရှိသော ဈေးသည်များကို အပြစ်တင် ဝေဖန်သံကို လည်း ကြားရပြန်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ ဒီမြင်ကွင်းမျိုးက မဆန်းပါပေ။


သင်္ဘောပေါ်ရောက်တော့ လက်မှတ်ရောင်းသည့် ကောင်တာမှာ ရောင်းမည့်သူ ပျောက်နေသည်။ ကိစ္စမရှိ ။ လက်မှတ်လာ ကောက်ရင် ပိုက်ဆံပေးလိုက်လို့ ရသည်။ လက်မှတ် လာကောက်သည့် ချာတိတ်တွေကလည်း ထိုပိုက်ဆံကို တရိုတသေနှင့် ခါးကြားထဲ လိမ်ထိုးထည့်လိုက်မည်။ ထိုသို့  အားပေးမှုကြောင့် တစ်ခါတစ်လေ လက်မှတ်စစ်နဲ့ တိုးပြီး လက်မှတ်ဖိုးနှစ်ဆ ပေးဆောင်ခဲ့ရဖူးသည်။


သင်္ဘော ကျောက်ချထားသည့် ဆိပ်ကမ်းနားတွင် ရာသီပေါ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပို့ သည့် လှေငယ်ငယ် များလည်း အစီအရီ အမြောက်အများ။ စိမ်းစားဥ ၊ ဖရဲသီး ၊ ကြက်မောက် ၊ မင်းဂွတ် ၊ ကျွဲကော် နှင့် ဒူးရင်း စသည့် အသီးအနှံများကို တင်ဆောင်လာကြသည်။ လာယူသည့် ဖောက်သည်များဆီ ပို့ ဆောင် ပေးပြီးကြတဲ့ လှေငယ်များသည် ဆိပ်ကမ်းမှ အလျှိုလျှို ခွာနေကြပြီး ဒီမိုးသည်းသည်း လေကြမ်းကြမ်း လှိုင်းလုံးကြီးကြီးပေါ်တွင် အန်တုရင်ဆိုင်ဖို့  စတင်ထွက်ခွာ တိုးဝင်နေပြန်သည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်လယ်ပြင်မှာ ပျော်ပါးရင်း အသက်ကိုပင် လောင်းကြေးထပ်ဝံ့သူများပင်ပေလော။


တူ……………..တူ


ဥသြဆွဲသံ ကြားမှ လှေငယ်တွေထံ အကြည့်အတွေးကို ရုပ်သိမ်းပြီး လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ တစ်လှေ (သင်္ဘော) ထဲစီး တစ်ခရီးထဲသွား မည့်သူများကို ကြည့်လိုက်တော့ တစ်နေကုန်လှုပ်ရှား ဈေးဝယ် ဈေးရောင်း ခဲ့ကြတဲ့ သူတွေများသည် မောမောပန်းပန်းနှင့် အနားယူ အိပ်စက်နေကြသည်။ တစ်ချို့ သော မိန်းမကြီးတွေကတော့ လူစုံတုန်း ဝိုင်းဖွဲ့ ဆိုသလို ရပ်ရေးရွာရေးကို နဖူးတိုက်ဒူးတိုက် တိုင်ပင်ဆွေးနွေး နေကြသလိုလိုပင်။ ဟိုတစ်ဖွဲ့  ဒီတစ်ဖွဲ့ ။


ကျွန်တော်သည်လည်း မဝေးလှတဲ့ခရီးကို တစ်နာရီကျော် စီးရသည့် တုံ့ ဆိုင်းဆိုင်း သင်္ဘောပေါ်တွင် ဘောလုံးဂျာနယ် တစ်စောင်ကို ဖတ်ရင်း အချိန်ဖြုန်းနေမိသည်။ တစ်ခါတစ်ခါ ခပ်ပြင်းပြင်းရိုက်ခတ်လာတဲ့ လေကြမ်းကြမ်းတွေကြောင့် သင်္ဘောကြီး ဘယ်ညာလူးလျက်ရှိနေပြန်သည်။ တစ်ခါတစ်ခါကျတော့ လေမိုးငြိမ်လို့  လှိုင်းလေးတွေ ငြိမ့်ငြိမ့်လေးသယ်ဆောင်ပြန်သွားသည်။


အဏ္ဏဝါထက်တွင် သင်္ဘောတစ်စင်းပေါ် စီးနင်းလိုက်ပါ လာတဲ့သူနှင့် လှေငယ်လေး တစ်စင်း လှော်ခတ် သွားကြတဲ့သူများ၏ စိန်ခေါ်သံများ ကွာခြားပေလိမ့်မည်ဟု တွေးမိပြန်သည်။ လက်တွေ့ ဘဝ ပင်လယ်ပြင်မှာလည်း ကျွန်ုပ်တို့ က ကံကြမ္မာ မျက်နှာသာပေးမှုကြောင့် လုံခြုံမှုအနည်းငယ်ရှိသည့် သဘောင်္စီးခွင့်ကြုံခဲ့ရပြီးဖြစ်သည်။ တစ်ခါတစ်ရံ လှိုင်းလေကြမ်းချင် ကြမ်းပါမည်။ သင်္ဘော ဘယ်ညာလူးချင် လူးပါမည်။ ကျွန်ပ်တို့ ဘဝ ခဏတာ ယိမ်းယိုင်ချင်လည်း ယိမ်းယိုင်မိပါလိမ့်မည်။ ဒါပေမဲ့ အကြာကြီးတော့ တွေဝေငေးငိုင်ဆွေးမြေ့ နေစရာမလိုဘူးထင်ပါသည်။ ဘာကြောင့်လဲဆိုတော့ လှေငယ်ကလေးနှင့် အဏ္ဏဝါပြင်မှာ အသက်ကိုလောင်းကြေးထပ်ပြီး လှော်ခတ်နေကြတဲ့ လှေငယ်များရဲ့ ပဲ့ကိုင်ရှင်၏ မာန် ကို မြင်မိတွေ့ မိ အားကျမိသွားသောကြောင့်ပင်။


သင်္ဘောကတော့ ပုံမှန်အတိုင်း အင်ဂျင်စက်သံတညံညံနှင့် လိုရာခရီးခုတ်မောင်းလျက်ရှိနေသည်။ လှိုင်းတွေကလည်း သင်္ဘောကိုယ်ထည်ကို ဒေါသတကြီး တစ်ခါတစ်ရံ ဝင်ဆောင့်လျက်။ အတွေးများနှင့် ကျွန်တော်လည်း လေအဝှေ့ မှာ လာစင်သည့် မိုးရေစက်များကြောင့် ………..

13 comments:

မိုးစက်အိမ် said...

ဟုတ်ပ ကိုနွန်ကြီးရာ လှေငယ်လေးတွေနဲ.
ဒီလှိုင်း ရေပြင်ကြီးကြားမှာ အန်တု ရင်ဆိုင်ရဲတဲ.
သတ္တိကတော. သင်္ဘော ကြီး မောင်းနေတဲ.
လူတွေထက်သာတယ် အသက်နဲ.ပိုနီးတယ်
ဆိုတာ အမှန်ပါဘဲဗျာ...

ခြေလှမ်းသစ် said...

ကိုနွန်ရယ်.... ဖတ်ရင်းနဲ့ လက်တွေ့ လှေလှော်ခတ်ခဲ့တာကို ပြန်ပြောင်းသတိရသွားတယ်ဗျ. သံလွင်မြစ်ဟာ ဗမာပြည်မှာရှိတဲ့ မြစ်တွေထဲမှာ အကြမ်း ဆုံးဗျ ... အဲ့ဒီ ရေခရီးလမ်းကို အရမ်းလွမ်းမိပါတယ်...

စည်သူ said...

တစ်ခါတစ်ရံ လှိုင်းလေကြမ်းချင် ကြမ်းပါမည်။ သင်္ဘော ဘယ်ညာလူးချင် လူးပါမည်။ ကျွန်ပ်တို့ ဘဝ ခဏတာ ယိမ်းယိုင်ချင်လည်း ယိမ်းယိုင်မိပါလိမ့်မည်။

ဟုတ်ပါ့ကိုနွန်ရေ
မှန်တယ်ဗျာ......။

ပြန်ချင်လာပြီဗျာ
ကိုယ့်ဒေသအကြောင်းလေးဖတ်ရတော့
အရပ်းကိုလွမ်းသွားတယ်..။

သားကြီး said...

wooww!!!
အတွေးလေးတွေလန်းတယ်သယ်ရင်း
ပင်လင်ပြင်ကိုကျော်ဖြတ်ရတာခြင်းတူတာတောင်
တချို့တွေက လုံလုံခြုံခြုံသင်္ဘောကြီးနဲ့
တချို့ကျပြန်တော့လည်းငှက်သမ္မာန်ကလေးနဲ့
ဦးတည်ရာခြင်းတူကြတာတောင် လှော်တက်ခဲ့ကြရပုံခြင်းမတူပေဘူး
တွဲလက်တွေတော့ခိုင်ခိုင်မြဲထား လှိုင်းအကြမ်းမှာ
မျှော်လင့်ချက်တွေမပျောက်ရှစေနဲ့
ဒီပိုစ်လေးကပေးတဲ့messageကို ကိုယ်အကုန်ရလိုက်တယ်ထင်တယ်..
လွမ်းတယ်သယ်ရင်းး ဒီပိုစ်လေးဖတ်ပြီးငယ်ငယ်က ကျောင်းမတက်ချင်လို့ သင်္ဘောစီးပြီးသူငယ်ချင်းတွေရှိတဲ့ ဘီလူးကျွန်းဘက်ကိုလျှောက်လည်ကြတာ မှတ်မိသေးတယ် :)

သီဟသစ် said...

နွန်နွန်ရေ

ဘာတွေတွေးတာလဲ ဆိုတာ ဆက်ရေးပါ

:)

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

စာရေးကောင်းတယ်...
တနေ့ကပဲ မြစ်ကျိုးအင်းဆီမှာ ဦးနာအောက်အကြောင်း ဖတ်လိုက်ရတယ်...
ဒီစာကိုဖတ်ရတော့ ဆက်စပ်ပြီး ခံစားလိုက်မိတယ်...

ရေတမာ said...

လှိုင်းလေထန်တဲ့နေတွေရှိသလို နေသာတဲ့နေတွေလည်းရှိပါတယ်.... မှိုင်ငေးမနေပဲ ဆက်လက်ချီတက်ကြမယ်လေ

ဇော် said...

ကောင်းလိုက်တဲ့ ခိုင်းနှိုင်းချက်နဲ့ အတွေးစိတ်ကူးပဲ ကိုညရာ။ လက်ဖျားခါတယ်။ =)

မငုံ said...

လှေငယ်လေးတွေရဲ့ သတ္တိကတော့ ချီးကျူးစရာလေးပါ။ ဖတ်လို့ကောင်းတယ် တုနန်ရေ။ သင်္ဘောနဲ့ တခါမှ ခရီးမသွားဖူးဘူး။

Angel Shaper said...

အင်း... ဘာပြောရမှန်းမသိဘူး။ ဒီနေ့ အိမ်လိုက်လည်တာ အအသွားတယ်နော်။ တော်တော်ကောင်းလိုက်တဲ့ ပိုစ့်တွေ။ အများကြီးပေးလိုက်ကြတယ်။ ၀မ်းသာတယ်။ ကျေးဇူးတင်တယ်။ လေးစားအားကျတယ်။
မတူညီတဲ့ လှော်တက်ရှင်အားလုံး ငြိမ်းအေး ပျော်ရွှင်ပါစေနော်။

ရန်ကုန်သား said...

စာတွေသိပ်လှတယ် လေးစားပါတယ် ဆရာ။ ကျွန် တော်တို့ လဲ ဘ၀ရဲ့ လူးလွန့် မှုတွေက နေ ယိမ်းယိုင် မသွားရအောင် ရှိသများအားနဲ့ ရုန်းနေကြရတာ ပင်ပန်း လှကြပါပြီ။ ဒါတောင် တစ်ခါတစ်ရံ ဒူးပွန်းလက်ပြဲနဲ့ ... ဘ၀ ကိုးလေ...

အိုက်ခီလောက် said...

သင်္ဘောမစီးဖူးသေးဖူးဗျ
လာလည်ဖြစ်ရင်တော့ စီးဖြစ်အောင်စီးကြည့်ရမယ်
လှိုင်းမူးတယ်လို့ တော့ကြားဖူးတာ
မခံဖူးသေးဘူးဗျသိလား ကိုတလ ရေ

သားကြီး said...

ကိုယ့်သယ်ရင်းအကြားအမြင်များရနေသလားပဲ
မှန်လိုက်လေ နောက်ပိုစ်အဆက်မှာ စိုင်းထီးဆိုင်သီချင်းတောင်ထည့်ထားသေးတယ်
ဟဟ ... :)
ခုတလော စာရေးအရမ်းကြဲနေသလိုပဲ
မအားပြန်ဘူးလား
ဒီအိမ်ရောက်ရင် မော်လမြိုင်ကိုလွမ်း လွမ်းသွားတယ် တကယ်ပဲ

 

Posts Comments

©2006-2010 ·TNB