ဆေးမလွင့် အနံ့ မပြယ်

Monday, July 13, 2009

လက်မှာ လွယ်အိတ်မည်းမည်း တစ်လုံး ဆွဲထားပြီး ခပ်သုတ်သုတ် လျှောက်နေတဲ့ လူတစ်ယောက်။ အင်းးးး လျှောက်သည် ဟုဆိုရမှာထက် ပြေးသည်ဟု ဆိုရရင် ပိုမှန်မလားပဲ။ အောက်ပိုင်းမှာ အုန်းနှစ်ပင် အစိမ်းရင့်ရင့်နှင့် အပေါ်ပိုင်းမှာ အဖြူ လည်ကတုံးကို တွဲဝတ်ထားသည် ဆိုတော့ ထိုလူသည် ကျောင်းသား ဟုတ်ရင်ဟုတ် မဟုတ်ရင် ကျောင်းဆရာပေါ့ဟု စုံထောက် ဦးစံရှားလို တွေးလိုက်သည်။ အနားသို့  နည်းနည်းနီး လာတော့ ထိုလူသည် မျက်စိလေးလုံး နှင့်လူ (ဝါ) မှန်ကြောင် ဆိုသော ဘွဲ့ ထူး ကိုလည်း ပိုင်ဆိုင်မှန်း တွေ့ လာသည်။ ကျွန်တော်တို့ ရွာလေးမှာ ထိုကျောင်းဆရာ ဘယ်တုန်းက ရောက်လာပါလိမ့်။ ကိုယ့်နှင့်ရွယ်တူ ထိုကျောင်းဆရာ ပြေးနေတာကအကြောင်းမဟုတ် ကိုယ်လိုရွာမှာ အလုပ်မရှိအကိုင်မရှိနှင့် လမ်းပေါ်မှာ လှည့်ပတ်နေတဲ့ ကောင်အတွက် မျက်နှာပူမိတာအမှန်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို လုပ်နေတဲ့သူကိုကြည့်ရင်း တစ်ခုခုကူညီဖို့  ထိုကျောင်းဆရာအနီး အရောက်မှာ ဆိုင်ကယ်လီဗာ နည်းနည်း လျှော့လိုက်သည်။


ကျောင်းဆရာ ကျောင်းဆရာ

ကျွန်တော့် အော်ခေါ်သံ ကြားတော့ ထိုကျောင်းဆရာက လှည့်ပင်မကြည့်ပဲ စကားတစ်ခွန်း လှမ်းပြောလိုက်သည်မှာ ချိုသက်သက်။

ဆိုင်ကယ်တက္ကစီ မလိုဘူးဗျ

မဟုတ်သေးပါဘူး ဒီကျောင်းဆရာတော့ ဆိုပြီး ထပ်ဆင့် ကျွန်တော့် အော်ခေါ်သံကြားမှ ထိုကျောင်းဆရာ မျက်မှန်ကိုလည်းပင့် နဖူးက ချွေးတွေလည်း တပြိုင်နက် သုတ်လိုက်ပြီး အနောက်ဖက် စောင်းကြည့်သည်။

ဘာလဲခင်ဗျ ………ဟာ မင်းးးးးးးးးးးး

ဘုဆတ်ဆတ်ဘက် ယိမ်းနေတဲ့အသံကနေ အံ့သြတဲ့ အသံဘက် ချက်ချင်းပြောင်းသွားတဲ့ ထိုကျောင်းဆရာ၏ အသံကို ကျွန်တော်ချက်ချင်းမှတ်မိသွားသလို ပါးစပ်ကနေ ထွက်သွားမိတာက

ဟာ……… ငပြဲ

ကျွန်တော့်အသံလည်း ကြားရော ကျောင်းဆရာ(ခ)ငပြဲမျက်နှာ ချက်ချင်းအိုသွားသည်။ ငပြဲ ဆိုတဲ့ ငယ် နာမည်ကြောင့် ဖြစ်သည်။ အနားမှာ ဖြတ်သွားတဲ့ ကျောင်းသား/ကျောင်းသူလေးတွေ မရှိသေးလို့  တော်သေးသည်ဟု တွေးရင်း

လိုက်ခဲ့ သူငယ်ချင်း။ ဟိုဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်ကြရအောင်။ ကျောင်းတက်ဖို့  နာရီဝက် လိုသေး တာပဲ မဟုတ်လား။

အားးးးးးးးမရဘူး မရဘူး ငါထိုင်လို့ မရဘူး ထိုင်လို့ မရဘူး

ပလုံးပထွေးနှင့် ငပြဲ (ဝါ) ကျောင်းဆရာ အကြောက်အကန်ငြင်းသည်။ ဆယ်နှစ်ကျော် ခွဲခွာပြီးမှ တွေ့ ရတဲ့ သူငယ်ချင်း တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင် ခဏထိုင်ဖို့  အကြောက်အကန် ငြင်းနေမိတဲ့ ကျောင်းဆရာကို စိတ်ထဲ နည်းနည်းတော့ ချဉ်မိသွားသည်။

အိုကေ ကျောင်းဆရာ အချိန်မှ မပေးနိုင်တာကွာ သွားကြတာပေါ့

.-._.-._._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-._.-.


ညီအစ်ကို မသိတသိ အချိန်ရောက်တော့ ကျောင်းဆရာ တစ်ယောက် ကျွန်တော်တို့ အိမ်ကို ရောက်ချလာ ပါတော့တယ်။ မနက်တုန်းက ဒီဇိုင်းနဲ့ မဟုတ်တော့။ ဝတ်စုံ ပြောင်းသွားသလို လေသံကလည်း တက်ကြွမှုနှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သူကပဲ စခေါ် နေသေးသည်။ ကျွန်တော် နည်းနည်း ချဉ်နေသးတဲ့ အရှိန်က မပြေသေးပေမဲ့ နှစ်ယောက်သား လက်ဖက်ရည်ဆိုင် အတူတူရောက်ဖြစ်သွားကြသည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျောင်းဆရာ၏ ရင်တွင်းစကားတစ်ချို့ ဖွင့်ဆိုလိုက်ပုံက ဒီလို ဒီလိုပါတဲ့ခင်ဗျာ.....

သူငယ်ချင်း ငါမနက်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်မိရင် ငါ့ယူနီဖောင်းက ငါ့ကြောင့် ဒဏ်ရာ ရသွားလိမ့်မယ်။ အခြား လူတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် အပြစ်ပြောတဲ့သူ မရှိပေမဲ့ အဖြူနှင့် အစိမ်း ဝတ်စုံ ဝတ်ပြီး လက်ဖက်ရည်ဆိုင်မှာ လေပေါနေရင် ငါ့တပည့်တွေ နှင့် တပည့်မိဘတွေက အပြစ်မပြောပေမဲ့ လေးစားခြင်းတွေ ပျက်တယ်ကွ။ ရှေးရှေးဆရာ၊ဆရာမတွေ ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ဒီယူနီဖောင်း ဂုဏ်သိက္ခာ က ငါတို့ ခေတ်သစ်ဆရာတွေ လက်ထက်ကျမှ မြောင်းထဲ မရောက်စေချင်ဘူး။ ဖြူစင်ခြင်းဆိုတဲ့ အဖြူရောင်ရဲ့ ဂုဏ်သတ္တိ ကို ငါတန်ဖိုးထားတယ်။ ဇွန်ဇူလိုင် ကျောင်းဖွင့်ရာသီနှင့် အပြိုင် စိမ်းလန်းနေတဲ့ ပတ်ဝန်းကျင်နှင့်အတူ စိမ်းလန်းဖျတ်လတ်လှတဲ့ ငါတို့ ရဲ့  အစိမ်းကို တန်ဖိုးထားတယ်။ ဘယ်တော့မှ ငါတို့ ခေတ်သစ်ဆရာတွေကြောင့် မည်းညစ်သွားတဲ့ အစိမ်းရောင် နှင့် အဖြူရောင် ယူနီဖောင်း အဖြစ် မမြင်စေချင်တာပါပဲ။

ဒီစကားလုံးရဲ့ အတိမ်အနက် တွေကို ကြည့်ရင်း ရွယ်တူသူငယ်ချင်းကျောင်းဆရာတစ်ယောက်ရဲ့  ကျောင်းဆရာယူနီဖောင်းအပေါ် တန်ဖိုးထားမှုကို ကျွန်တော်ချီးကျူးမိတာတော့အမှန်။ ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ တန်ဖိုးတက်တာပါတဲ့။ တန်ဖိုးမထားတော့ရင် ရှေးရှေးတုန်းက သတ်မှတ်ခဲ့တဲ့ ယူနီဖောင်း အရောင်အဓိပ္ပါယ် ဟာ ဆေးလွင့်သွားသလိုပါပဲ။ ယနေ့ အထိ အဖြူနှင့် အစိမ်း ဆင်မြန်းထားတဲ့ ဆရာ၊ဆရာမတွေရဲ့  ဝတ်စုံကကတော့ သူတို့ ထိန်းသိမ်းတဲ့ ဂုဏ်သိက္ခာကျက်သရေ ရနံ့  အပေါင်းနှင့်အပြိုင် မွှေးဆဲ လန်းဆဲ ။။။။။

18 comments:

Dream said...

တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင် တန်ဖိုးရှိအောင် ပြုမှ
ဂုဏ်ရှိ တန်ဖိုး ရှိတာပါ။ လူသာမန်တစ်ယောက် အတွက် အသေးအမွားက ဘာမှမဖြစ်နိုင်ပေမယ့် လူကြည်ညိုခံ နေရတဲ့ ဘ၀မှာ ၀တ်စုံတစ်ခုရဲ့ အရေးပါ တဲ့ လုပ်ရပ်တစ်ခုကို ပြသလိုက်သလိုပါပဲ။

ကျောင်းဆရာရဲ့ ဆရာ့ဂုဏ်ကို လေးစားပါတယ်...
:)

Dream said...

တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင် တန်ဖိုးရှိအောင် ပြုမှ
ဂုဏ်ရှိ တန်ဖိုး ရှိတာပါ။ လူသာမန်တစ်ယောက် အတွက် အသေးအမွားက ဘာမှမဖြစ်နိုင်ပေမယ့် လူကြည်ညိုခံ နေရတဲ့ ဘ၀မှာ ၀တ်စုံတစ်ခုရဲ့ အရေးပါ တဲ့ လုပ်ရပ်တစ်ခုကို ပြသလိုက်သလိုပါပဲ။

ကျောင်းဆရာရဲ့ ဆရာ့ဂုဏ်ကို လေးစားပါတယ်...
:)

Sein Lyan Tun said...

အဖြူ နဲ့ အစိမ်း ဝတ်ခဲ့ရတဲ့ ကျောင်းသားဘဝကို လွမ်းသွားတယ်...


ကျောင်းဆရာစိတ်ဓာတ်အပြည့်ရှိတဲ့ သူငယ်ချင်းငဗြဲကိုလဲ
ဂုဏ်ယူလေးစားမိတယ်


စာရေးကောင်းတဲ့ တူရီးတော်ကိုလဲ အားကျချစ်ခင်ပါတယ်..

ချစ်ခင်စွာဖြင့်

ဘကြီးတော်

Anonymous said...

ဂုဏ်သိက္ခာ.. တော်တော်အရေးပါပြီး ကြောက်ဖို့ ကောင်းတဲ့ စကားလုံး တစ်ခုပါ ကိုတလနွန်..။ ဖြစ်နိုင်ရင်တော့ အများစုဟာ အဲဒီ ဂုဏ်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းချင်ကြမှာပဲ။ တစ်ခါတလေ ဘဝ ခြေနေအရ မထိန်းသိမ်းနိုင်တဲ့ အခါလည်း ရှိကြမယ် ထင်တယ်။ အဲဒီလို ဂုဏ်သိက္ခာ ကျသွားရတဲ့ လူတွေရဲ့ ခံစားချက်ကို တွေးတော စဉ်းစားနေမိတယ်။ ဘာပဲဖြစ်ဖြစ် တန်ဖိုး ထားတတ်ကြပါစေ..။

နွေးနေခြည် said...

အရေးကောင်းတယ် သူငယ်ချင်းရေ
မှတ်သားစရာတွေ ရသွားတယ်

စည်သူ said...

ဟုတ်တယ် ဗျာ..။
ကျွန်တော်ပြောမှာနဲ့ ကိုဖိုးစိန်ပြောသွားတာက တထပ်ထဲ ကျနေတယ်အကိုရေ..။ ကျွန်တော်တို့ နယ်ဘက်ကဆို တော့ ပိုပြီးတော့ ဖြစ်တတ်တယ်လေ..။ ကျောင်းသားဘဝ တုန်းကဆိုရင် အဖြူအစိမ်းကို ဘယ်လိုတန်ဘိုးထားရမှန်းမသိခဲ့ပါဘူး..။ကျောင်းတက်နေလို့သား ဝတ်ထားရတယ်လို့ ပဲမှတ်ယူခဲ့တယ်..။ အမှန်တော့ သူ့နေရာနဲ့သူ၊ သူ့တန်ဘိုးနဲ့သူရှိကြစမြဲပါ..။ ကျေးဇူးတင်ပါတယ်
ကိုတလနွန်ရေ.....

ကြယ်ပြာ said...

အင်း ... စားလေးဖတ်ပြီး ကျောင်းဆရာကိုလေးစားမိပါတယ် ... တဆက်တည်း အဖြူ၊ အစိမ်းကို ၀တ်ချင်တိုင်းဝတ်၊ နေချင်သလိုနေ၊ သွားချင်သလိုသွားနေသူတွေကိုလဲ ချဉ်မိပါတယ် ....

မိုးစက်အိမ် said...

ဒီပို.စ်လေးက ကောင်းသလို တန်ဖိုးလဲ
ရှိတယ်ဗျာ...ကိုနွန်ကြီးရေးတာ
ကောင်းတာ ကြောင်.ပိုအသက်ဝင်သွားတယ်
လူတိုင်း လူတိုင်း ကိုလုပ်နေရတဲ. သမာအာ
ဇီဝ အလုပ်လေးတွေကို အလိုကျောင်းဆရာ
လေး စိတ်မျိုး ထားနိုင်မယ်ဆိုရင် အရမ်း
ကောင်းမှာဘဲလို. ထင်မိတယ်ဗျာ...

သားကြီး said...

ဘာပဲပြောပြောအဖြူအစိမ်းကိုလွမ်းတယ်
တန်ဘိုးဆိုတာကလည်း ထားတဲ့လူအပေါ်မှာမူတည်ပါသေးတယ်လေ

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်ပါ။ ကိုယ်တန်ဖိုးထားမှ တန်ဖိုးထားတတ်မှ တခြားသူတွေပါ တန်ဖိုးထားမယ်ဆိုတဲ့ အသိလေးရသွားတယ်။

ရေတမာ said...

တန်ဖိုးကို ရေးရေးလေး သဘောပေါက်သွားတယ်.. ကျောင်းဆရာတွေ ကိုယ့်ကျင့်တရား ဆေးမလွင့် အနံ့မပြယ်ဖို့လည်း ဆုတောင်းတယ်...
့မြန်မာပြည် ပညာရေးလောကလည်း တိုးတက်စေချင်တယ်..
တုနန်ရေးထားတာ မမန့်ရဲလောက်အောင် ကောင်းပါတယ်။
အားပေးလျက်ပါ

ရွှေပြည်သူ (ShwePyiThu) said...

အဖြူအစိမ်း ယူနီဖောင်းအကြောင်းကို တခါမှ လေးလေးနက်နက် မတွေးဖူးတာ ဝန်ခံပါတယ်။ ဘုရားနဲ့ တဂိုဏ်းထဲထားရမယ့် ဆရာဆရာမတွေရဲ့ ယူနီဖောင်းအစိမ်းဟာ ရှိသမျှယူနီဖောင်းတွေထဲမှာ တန်ဖိုးအရှိဆုံးပါပဲ။ အဲဒါကို တလေးတစားတန်ဖိုးထားတဲ့ ကျောင်းဆရာကြောင့် တန်ဖိုးက ပိုလို့တောင် တက်သွားပြန်ပါတယ်...

Mogok Thar said...

တန်ဖိုးရှိတဲ့ စာလေးပါ ညီလေး။
တန်ထိုးဆိုတာ နေရာတိုင်းမှာ ရှိကြတာပဲလေ ဏော်။
(ကိုလဲ ခုမှရောက်ဖူးတာ။
နောက် လာလည်ရင် လမ်းမမှားအောင် အိမ်ချင်း ကြိုး သွယ်ထားလိုက်ပီ။)

ကိုလူထွေး said...

ငယ်ငယ်ကသူငယ်ချင်းတွေကို အဲလိုမျိုးလမ်းမှာ အမှတ်တမဲ့ပြန်ဆုံရရင် ဘယ်လောက်ကောင်းမလဲ...

အခုတော့ အိပ်မက်ထဲပဲ ထည့်မက်ခွင့်ရှိတဲ့ ဘဝ

း´(

ခြေလှမ်းသစ် said...

ကျောင်းသားတွေနဲ့ ဆရာ၊ မများဝတ်တဲ့ အဖြူနဲ့ အစိမ်း ဟာ အရမ်းကျက်သရေ ရှိတာပါ ဒါပေမယ့် အဲ့ဒါကို အတုယူပြီး ကြံ့ဖွတ်တွေ လိုက်ဝတ်နေတာကိုတော့ လက်မခံနိုင်ပါဘူးခင်ဗျာ.... အရမ်းကောင်းတဲ့ ပိုစ့်လေးပါ

Anonymous said...

ဒီပို့စ်ကို ဖတ်ရတဲ့ အချိန်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဆိုရင် ကျနော်လည်း စာရေးသူကို ချွင်းချက်မရှိ ထောက်ခံမိမှာပဲ။ တကယ်ဆို ကျနော်က ကျောင်းဆရာလောင်း တစ်ယောက်ပါ။ အတိအကျဆို ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ၄-နှစ်လောက် ပညာသင်ယူလာတဲ့ ဆရာလောင်းတစ်ယောက်ပါ။ ဒီ ဇာတ်လမ်းမှာ ပါတဲ့ ကျောင်းဆရာ "ငပြဲ" လိုပဲ ကျနော်တို့ ဘီအီးဒီ ကျောင်းသားအချို့ဟာ ကျောင်းဆရာ အလုပ်ကို အင်မတန် လေးစားကြပါတယ်။ ကိုယ့်ကိုကိုလည်း ဂုဏ်ယူကြပါတယ်။ အဖြူ နဲ့ အစိမ်းကို ဝတ်လိုက်တယ် ဆိုရင်ပဲ အများအမြင်မှာ သိပ်မသင့်တော်ဘူးထင်တဲ့ အလုပ်တွေဆို အများအားဖြင့် ရှောင်ကြဉ်ကြပါတယ်။ ဒီစိတ်ဓာတ်ဟာ ဒီမှာကော်မန့် ပေးထားတဲ့ လူအများစု မြင်သလို ဆရာတွေကို အကောင်းဘက် ရောက်စေသလို အဆိုးဘက်လည်း ရောက်နိုင်ပါတယ်။ ကိုယ့်ကိုကို အများနဲ့ မတူရဘူးလို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်မှာ ဘယ်လိုပြဿနာမျိုးတွေ ကြုံလာနိုင်မလဲ? ကိုယ့်စိတ်ထဲမှာပဲ လုပ်ချင်တဲ့ စိတ် နဲ့ လုပ်သင့်တဲ့ စိတ်တွေ အားပြိုင် နေမှာပါ။ ဥပမာ လက်ဘက်ရည်ဆိုင် ထိုင်တဲ့ ပြဿနာလိုပေါ့ဗျာ။ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူတွေအားလုံး မကောင်းဘူးလို့ ကောက်ချက်မချနိုင်တာ လူတိုင်းသိပါတယ်။ လက်ဘက်ရည်ဆိုင်မှာ လေကန်နေရုံနဲ့ အလုပ်မရှိ အကိုင်မရှိ ၁၀၉ ၁၁၀ လို့ သတ်မှတ်လို့ မရနိုင်ပါ။ ဒါပေမဲ့ တချို့ လူတွေ သတ်မှတ်တယ်။ တချို့ဆရာတွေ စောင့်ထိန်းတယ်။ တစ်ခါတလေ လွဲမှားတဲ့ စံတွေ၊ လွဲမှားတဲ့ တန်ဖိုးထားမှုတွေအထိ ဦးတည် သွားနိုင်စေတယ်လို့ ကျနော်က ယူဆပါတယ်။ တင်ပြပုံကို သဘောကျပါတယ်။

chitpalone said...

ဟုတ်တယ်နော် ပြောမှပဲ အဖြူအစိမ်းလေးကို လွမ်းလာပြီ စာရေးထားတာ အရမ်းကောင်းတာပဲ။ ပါးလုံးနောက်ကျမှရောက်တာခွင့်လွှတ်နော်။
ကျောင်းဆရာကို လေးစားမိတယ်
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Angel Shaper said...

လေးစားစရာကောင်းတဲ့ ကျောင်းဆရာလေးပဲ။ ငယ်သူငယ်ချင်းတွေကို သတိရလိုက်တာ... ကျောင်းစိမ်းလေးနဲ့ ပျော်ခဲ့ဖူးတဲ့ဘ၀လေးတွေ။
စာရေးကောင်းလိုက်တာကွယ်။
ဆက်ရေးနော်။ နောက်လည်းလာဖတ်မယ်။

 

Posts Comments

©2006-2010 ·TNB