“မိုးရေ တက်ရေ
တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။”
နောက်ပြီး ရှိပါသေးတယ် မိညို… “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုတဲ့အတိုင်း မိုးတွေကြီးလို့  ကျောင်းသွားတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ ရေတွေလျှံတက်တဲ့အခါမှာဆို စက်ဘီးတွေတွန်းပြီး ရေထဲလျှောက်ရတာ ပျော်နေတတ်သေးတယ်မဟုတ်လား…မိုးကြမ်းကြမ်းတွေ ခြွေလို့  အပင်အောက်မှာ မြေခ နေရတဲ့ ခရေပွင့် လေးတွေ ကိုလည်း ဆရာမ အတွက်ဆိုပြီး ငါ့ကိုပါ ဝိုင်းကူ ကောက်ခိုင်း တတ်သေးတယ်။ နင်တို့ အိမ်မှာ ကြာရိုးကြာစွယ် နှင့် ပုစွန်ဟင်း ပူပူစပ်စပ်လေးချက်တဲ့နေ့ တွေဆိုရင် မိုးချမ်းချမ်းမှာ ချွေးပြန်အောင် ဝင်စား ခဲ့တာတွေလည်း ဘယ်မေ့လို့  ရမလဲဟာ။
လရာသီတွေ တစ်လှည့်ပြီး တစ်လှည့် ခစားဝင်ရောက်သလို ငါတို့ တွေလည်း တစ်နှစ်ပြီး တစ်နှစ် အသက်တွေ ကြီးလာခဲ့ပေမဲ့ ဒီလဝါဆို ရောက်ရင် နင်ရောငါရော ရွာကိုအလည်ပြန်ကြမြဲ။
ငါတို့ ရွာက ချောင်းနှင့် ဝေးတော့ တောင်ပေါ်ဘုရား အနီးအနားမှာ အလေ့ကျပွင့်နေတဲ့ ပန်းတွေကို ခူးပြီး ဘုရားမှာ ကပ်လို့  ဝါဆိုပန်းခူး အလေ့ကို နွှဲကြတယ်နော်။ ဆယ်တန်းအောင်ကာစ ငါတို့  ပထမဆုံး အတူတူ ဝါဆိုပန်းခူးထွက်တုန်းက သူငယ်ချင်းတွေစကြလို့  ရှက်သွေးဖြာနေတဲ့ နင့် မျက်နှာ နီနီလေးကိုကြည့်ပြီး ငါ လူပျိုစိတ် စဝင်ခဲ့ဖူးတယ် မိညို…
ဒီလရာသီမှာ ဘုန်းကြီးတွေ ကျောင်းမှာပဲ ဝါကပ်တဲ့ ကာလမို့ လို့  ဥပုသ်နေ့ တိုင်း ရွာထိပ် ဘုန်းကြီးကျောင်းမှာ တရားပွဲ အမြဲရှိတယ်။ တစ်ခါက ဘုန်းကြီးကျောင်းကနေ ငါတို့ အဘိုးကို လိုက်ပို့ ပြီး အပြန်မှာ နင်က နင့်အဘွား နှင့်အတူ ဆွမ်းချိုင့်လေး ဆွဲပြီး တရားနာသွားတော့ “သူတော်စင်မလေး” ဆိုပြီး ဆိုင်ကယ် ပေါ်ကနေ ငါ လှမ်းစတော့ “ငရဲကြီးမယ်နော် မစနဲ့ ” ဆိုပြီး လူကြီး ဂိုက်နဲ့  နင့်ပုံစံလေး ကလည်း အေးချမ်းလှတယ် မိညို…
“သံဃာတော်များ စိမ်းစိုတဲ့ မြက်ခင်းနှင့် ပိုးမွှား အစရှိတဲ့ သတ္တဝါတွေကို နင်းခြေမိမှာ ကြောက်လို့  မိုးတွင်း ကာလမှာ ဒေသစာရီ ကြွချီရင် ပါစိတ် အာပတ်သင့်၏ လို့ မြတ်စွာဘုရားက ဆုံးမ ခဲ့တာကို အကြောင်းပြုပြီး ဝါတွင်း သုံးလပတ်လုံး သံဃာတော်များ ကျောင်းဂန်မှာပဲ ဝါကပ်ပြီး ခရီးသွားခြင်းကို ရှောင်ကျဉ်ခဲ့တာ ယနေ့ အထိပဲ” ဟု စာသံပေသံနှင့် ငါ့ကို တရားအသိတွေ ပြောပြတိုင်း ပြုံးချင်ချင်ဖြစ်နေတတ်တဲ့ ငါ့မျက်နှာကို တွေ့ ပြီး စိတ်ဆိုးသွားတတ်သေးတယ်။ ငါက လှောင်တာမဟုတ်ဘူး သဘောကျလို့  ပြုံးသွားတာကို နားလည်ပါလေ မိညို…
ငါအလုပ်လုပ်တဲ့နေရာကနေ ပြတင်းပေါက်ကိုကျော်ပြီး လှမ်းကြည့်တော့ အခု မိုးတွေတဖွဲဖွဲရွာနေတယ် မိညို.. မိုးတွေ ရွာမှာပေါ့ ဝါတွင်း ရောက်ပြန်ပြီးလေဟာ။ အရင်တုန်းကလို နင့်ကို ကြာပန်းကြာစွယ် လည်ဆွဲလေးနှင့် မျက်စိထဲ ပြန်မြင်ယောင်မိတော့ မျက်နှာနုနုလေးကို လွမ်းမိသားဟာ။ ဝါဆိုပန်းခူးမှာ နင်တစ်ယောက်ထဲနှင့် ဝါးခြင်းထဲမှာ ခူးထားတဲ့ပန်းတွေ နည်းလို့  အားငယ်နေရော့မလား။ အဲဒီအခါကျရင် ပန်းအလုအယက် အတူတူ ခူးပေးဖူးတဲ့ ငါ့ကို သတိရပေးပါနော်။ ဘုန်းကြီးကျောင်းကနေ တရားနာပြီးလို့  ပြန်လာတိုင်း တစ်ဆင့်နားထောင်ပေးမဲ့သူ မရှိတဲ့ အခါမှာ “သူတော်စင်မလေး” လို့  စနောက်တတ်တဲ့ ပုရိသ တစ်ယောက် ကိုရော ဝါဆိုးမိုးနှင့်အတူ သတိရနေမှာလား။
မိုးတွေရွာလို့  မြန်မာပြည်အလွမ်းအနေနှင့် စိတ်ကူးယဉ်ရေးဖွဲ့ ထားခြင်းဖြစ်ပါတယ်။ ဒီနေရာအထိ ဖတ်ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်...
17 comments:
အေးလေ... ငါလည်းလွမ်းတယ်..
ဝါဆိုသင်္ကန်းလေးလည်း ကပ်ချင်သေးတယ်။
စိတ်ကူးယဉ်တယ် စိတ်ကူးယဉ်တယ်နဲ့ ... နာတိပါတယ်... ရွာက ငယ်ချစ်ဦးကို လွမ်းနေတာမလား ဟဲဟဲး)
ကဲနွန်နွန်ရေ
နေခြည်မေးတာ ဟုတ်မဟုတ်ပြော :D
ဝါဆိုနဲ့ မိညို အလွမ်းလေးဖတ်သွားပြီ
ခင်မင်စွာဖြင့်
သီဟသစ်
ကောင်းလိုက်တဲ့အရေးအဖွဲ့လေးကွာ
ငယ်ရည်းစားကိုတောင်ရောပြီးလွမ်းမိသွားတယ်
တကယ်ပြောတာ စာသားတွေကတော်တော်နုတယ်ဟ :)
အမ် ကိုတလ အိမ်က တိုက်တွေ တောင်ဆောက်ပြီးသွားပါပေါ့လား တိုးတက်နေလိုက်တာဗျာ မသိလိုက်ဖူးဗျ
ခုလည်း ကိုတလအိမ်မှဟုတ်ရဲ့ လားလို့ စဉ်းစားနေတာ အဟတ်
လာဖတ်သွားပါတယ် ကိုတလရေ နေကောင်းနေတယ်ဟုတ်
အော် တူရီးတော်က မိညိုကို လွမ်းနေတယ်ပေါ့လေ....
ခေါ်ပေးရမလား
မိညိုကို
ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ လှေစီးရတာလေးကို လွမ်းမိတယ် တူရီးတော်ရေ....
ချစ်တဲ့
ဘကြီးတော်
ဖိုးစိန်
မြန်မာပြည်ပြန်ပြီး ၀ါဆိုသင်္ကန်းကပ်ချင်လိုက်တာနော်။ တုနန်က တော့ မိညိုကိုပါ လွမ်းသွားတယ်ပေါ့။
>>နွေးနေခြည်>>ကိုသီဟသစ်>> လွမ်းစရာ ငယ်ချစ်ဦးလည်း မရှိပါဘူးဗျာ :)
ရွာကိုလွမ်းသွားပြီ...မိညိုတော့ ရှိဘူး..ဖိုးဖြူတော့ ရှိတယ်...း)။ တကယ်ကောင်းတယ်..။
ရာသီစာ အလွမ်းလေတွေပေါ့ ကိုတလနွန် :)
မိညိုလည်း အပျိုကြီးဖားဖားဖြစ်နေပြီထင်ပါ့ :)
ကောင်းသောနေ့ပါ ကိုတလွန်နွန်ရေ ကောင်း၏ ဖတ်ရတာ :)
လျှိုတယ် လျှိုတယ်
လွမ်း လွမ်းတယ်ပေါ့
မပြောရဲဘူးလား :P
တို့လဲ လွမ်းနေတယ်
တုနန်...မိညိုကို ဒီပိုစ့်လေး ဖတ်စေချင်တယ်. ၂ ခေါက်တောင် ပြန်ဖတ်သွားတယ်. ဒီလို အရေးအသားမျိုးများများ ဖတ်ချင်ပါသေးတယ်။
ဝါဆိုလွမ်းချင်းလေး ဖတ်ပြီး ခုဆိုမြန်မာ ပြနည်မှာ မိုးတွင်းဆို
တော. လွမ်းသွားရတယ်ဗျာ ....
ဝါဆိုကိုသတိရတာလား မိညိုကိုလား ....
အခုရော မိညိုနဲ့ နောက်ဆုံးအခြေအနေလေး ရေးပါအုံး
အဟတ်..... ညို့ကိုလွမ်းတာများ မိုးကို အကြောင်းပြနေသေးတယ်... ဟိဟိ
အူးအူးအလည်လွန်တို့ရဲ့ လွမ်းချက်ကတော့ ပိုင်ပါ့ကွာ.... :P
:P ရှယ်ပဲ
မိုက်ချက် အလွမ်းကတော့ ရှယ်ပဲ တော်တော်ကိုဖွဲ့နွဲ့တတ်တယ်။
မြန်မာပြည်မိုးကိုတောင် လွမ်းသွားတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ကိုတလနွန်ရေ...
နောက်ဆုံးမှရောက်လာတယ်ဗျာ..။
ကျွန်တော်လည်း ရွာမှာကြီးပြင်းခဲ့ရသူမို့ 
ထပ်တူထပ်မျှ လွမ်းဆွတ်ခံစားမိပါတယ်ဗျာ..။
ခင်မင်ရင်းနှီးစွာဖြင့်
စည်သူ။
Post a Comment